ဖိလစ်ပိုင်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ် ဆွတ်ခူး

ဖိလစ်ပိုင်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ် ဆွတ်ခူး

ဆီးဂိမ်းနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်အသင်းကို ခြောက်ဂိုးပြတ်အနိုင်ယူပြီး ကြေးတံဆိပ်ဆု ရရှိဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာပဲ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွင့်ဂိုးကို ခင်မိုးဝေက သွင်းယူပေးခဲ့တာပါ။ ဒီနေ့ပွဲမှာ ခင်မိုးဝေဟာ သုံးဂိုးအထိသွင်းယူနိုင်ခဲ့ပြီး မိနစ် ၈၀ နဲ့ မိနစ် ၉၀ တွေမှာ ထပ်မံသွင်းယူခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ၀င်းသိင်္ဂီထွန်းက ပွဲချိန် ၆ မိနစ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ၀င်းသိင်္ဂီထွန်းရဲ့သွင်းဂိုးက ခြောက်ဂိုးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ကျန်သွင်းဂိုး ၂ ဂိုးကိုတော့ ရီရီဦးက ၁၈ မိနစ်မှာ တစ်ဂိုး၊ နော်အားလိုဝါးဖောက ၁၉ မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ ပွဲစဉ်လေးပွဲ ကစားခဲ့ရာမှာ ဖိလစ်ပိုင်ကို ၆-၀ ဂိုး၊ မလေးရှားကို ၅-၀ ဂိုးနဲ့ ၂ ပွဲအနိုင်ရခဲ့ပြီး ထိုင်းကို ၃-၂ ဂိုး၊ ဗီယက်နမ်ကို ၃-၁ ဂိုးနဲ့ ၂ ပွဲရှုံးခဲ့ပါတယ်။

၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၆ မှတ်၊ သွင်းဂိုး ၁၄ ဂိုး၊ ပေးဂိုး ၆ ဂိုး ရှိခဲ့ပြီး ဗီယက်နမ်နဲ့ ထိုင်းတို့ရဲ့နောက် တတိယနေရာနဲ့ အဆုံးသတ်ဖို့ သေချာသွားခဲ့ပါတယ်။

ဒီနေ့မှာ ကစားခဲ့တဲ့ ဗီယက်နမ်နဲ့ထိုင်းတို့ရဲ့ပွဲစဉ်ဟာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် သူတို့နှစ်သင်းစလုံး ရမှတ် ရ မှတ်စီနဲ့ ဆက်လက်ပြီး အကြိတ်အနယ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သြဂုတ်လ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲစဉ်တွေက ရွှေတံဆိပ်ဆုအတွက် အဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဗီယက်နမ်က မလေးရှားနဲ့ကစားရမှာ ဖြစ်ပြီး ထိုင်းက ဖိလစ်ပိုင်နဲ့ကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးအနိုင်ရခဲ့ပြီး အမှတ်တူနေမယ်ဆိုရင်တော့ ဂိုးကွာခြားချက်နဲ့ဆုံးဖြတ်မှာပါ။ တကယ်လို့ ဂိုးကွာခြားချက်ပါ တူနေမယ်ဆိုရင်တော့ ဂိုးပိုသွင်းနိုင်တဲ့ အသင်းက ချန်ပီယံဖြစ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းက ရမှတ် ရ မှတ်၊ သွင်းဂိုး ၁၀ ဂိုး၊ ပေးဂိုး ၃ ဂိုး နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပြီး ဗီယက်နမ်က ရမှတ် ရ မှတ်၊ သွင်းဂိုး ရ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့  ဒုတိယနေရာမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly