၀ူရူးချန်ပီယံဟောင်း ရီနီကက်တလန်ရဲ့ ကွာလာလမ်ပူအောင်ပွဲ

၀ူရူးချန်ပီယံဟောင်း ရီနီကက်တလန်ရဲ့ ကွာလာလမ်ပူအောင်ပွဲ

ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးနဲ့အပြိုင် ကွာလာလမ်ပူမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ရဲ့ ONE: QUEST FOR GREATNESS ပြိုင်ပွဲကြီးက ခမ်းခမ်းနားနားနဲ့အောင်မြင်ခဲ့ပါတယ်။

၀ူရူးချန်ပီယံဟောင်း ရီနီကက်တလန်နဲ့ နပန်းချန်ပီယံ ဘူဟူယူဂါတို့ရဲ့ ပွဲစဉ်နဲ့ ပြိုင်ပွဲကို စတင်ခဲ့ပြီး ပထမဆုံးပွဲမှာတင် ပရိသတ်ကို စိတ်ကြိုက်တွေ့စေခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား ရီနီကက်တလန်က ကမ္ဘာ့ဝူရှုးချန်ပီယံဘွဲ့ကို ၂ ကြိမ်တိုင် ရရှိဖူးသူဖြစ်ပြီး ဘူဟူယူဂါကလည်း တရုတ်နပန်း ချန်ပီယံဖြစ်ပါတယ်။ နှစ်ဦးစလုံးက ထိုးသတ်တာထက် ချုပ်ပြီး လုံးသတ်တာကို ပိုအားသန်ကြပါတယ်။

ဒါကြောင့် ပထမအချီစလိုက်ကတည်းက နှစ်ဦးသားကြမ်းပြင်မှာ ထွေးလုံးသတ်ပုတ်ကြပါတယ်။ ဘူဟူယူဂါက စတင်ချုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် ကက်တလန်က ရုန်းထွက်ကာ ပြန်ချုပ်နိုင်ပါတယ်။ သူတစ်ပြန်၊ ကိုယ်တစ်လှည့် အပေါ်အောက် ရောက်နေခဲ့ကြပြီး အသာရချိန်မှာ လက်သီးနဲ့ထိုး တံတောင်တွေနဲ့တိုက်ခိုက်ကြပါတယ်။ ဒုတိယအချီပြီးဆုံးချိန် အထိ အဲ့ဒီလိုပုံစံနဲ့သာ သတ်ပုတ်ခဲ့ကြပါတယ်။ အဲ့ဒီ ၂ ချီစလုံးမှာတော့ ကက်တလန်က ပိုမိုအသာရခဲ့ပြီး သတ်ကွင်းကို စိုးမိုးထားနိုင်ခဲ့ပါတယ်။

တတိယအချီမှာတော့ တစ်ဦးနဲ့တစ်ဦးရင်ဆိုင်ထိုးဖို့ ကြိုးစားကြပါတယ်။ ခြေကန်ချက်တွေ ထိုးချက်တွေ လုပ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ထင်သလောက် ထိရောက်မှုမရှိခဲ့ပါဘူး။ နောက်ဆုံးတော့ အရင်လိုပဲ ပြန်လည်လုံးထွေးသတ်ပုတ်ကြပြန်ပါတယ်။ တတိယအချီပြီးတဲ့အထိ အဖြေမပေါ်ခဲ့လို့ ဒိုင်အဆုံးအဖြတ်ကို ခံယူခဲ့ရပါတယ်။

လက်သီးထိုးချက်တွေ တိုက်စစ်ဆင်မှုတွေပိုလုပ်နိုင်ပြီး သတ်ကွင်းကို စိုးမိုးနိုင်ခဲ့တဲ့ ဖိလစ်ပိုင်ဖိုက်တာ ရီနီကက်တလန်ကို ဒိုင်တွေက အနိုင်ပေးခဲ့ပါတယ်။

ဒီနိုင်ပွဲက ရီနီကက်တလန်အတွက် သုံးပွဲဆက် MMA နိုင်ပွဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly