ဒေါ်လာနှင့်ယှဉ်ပြီး ယွမ်ငွေကို သိသိသာသာ နှိမ့်ချလိုက်ကြောင်း တရုုတ်ကြေညာ

ဒေါ်လာနှင့်ယှဉ်ပြီး ယွမ်ငွေကို သိသိသာသာ နှိမ့်ချလိုက်ကြောင်း တရုုတ်ကြေညာ

ရှန်ဟိုင်း၊ သြဂုတ် - ၁၁ ။       ။ တရုတ်ဗဟိုဘဏ်က ငွေလဲနှုန်းနယ်ပယ်ကို ပိုပြီးဈေးကွက်ဆန်အောင် ပြုလုပ်မယ်လို့ ပြောကြားရင်း ယွမ်ငွေကို ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ နှိမ့်ချမည်ဟု သြဂုတ်လ ၁၁ရက်နေ့က ကြေညာခဲ့သည်။

တရုတ်ပြည်သူ့ဘဏ်က ကြားညီမျှချက် (central parity)ဟုခေါ်သည့် နှုန်းထားအသစ်နဲ့ ၁ဒေါ်လာလျှင်ယွမ်ငွေ ၆ဒသမ၂၂၉၈နှုန်း သတ်မှတ်လိုက်သောကြောင့် ယခင်နေ့ကနှုန်း ၆ဒသမ ၁၁၆၂ ယွမ်နှင့် နှိုင်းယှဉ်ပါက ၁ဒသမ၈၆ရာခိုင်နှုန်းအထိ သိသိသာသာ နိမ့်ကျသွားခဲ့သည်။ Bloomberg ကမူ စံချိန်တင်လျှော့ချမှုဟု မှတ်တမ်းတင်သည်။

၂၀၁၄ခုနှစ်မတ်လနောက်ပိုင်းတွင် တရုတ်က ပထမဆုံးအကြိမ်အဖြစ် ယွမ်ငွေ၏ ကုန်သွယ်တန်ဖိုးခွင်ကိုကျယ်ပြန့်စေရန် ပြင်ဆင်နေသည်ဟု ခန့်မှန်းနေကြချိန် တွင်ငွေလဲနှုန်းပြင်ဆင် သတ်မှတ်မှုပေါ်ထွက် လာခဲ့ခြင်းပင် ဖြစ်သည်။ ယခုပြင်ဆင်သတ်မှတ်ချက်က ပြည်တွင်းနိုင်ငံခြားငွေဈေးကွက်တွင် နေ့စဉ်ငွေလဲနှုန်း၏ နှစ်ဖက်စလုံးမှ အတက်အကျ ၂ရာခိုင်နှုန်းအထိ ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်။

တရုတ်နိုင်ငံမှာ ယွမ်ငွေကို နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီး၏ အရံငွေကြေးစာရင်းတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ယွမ်ငွေကြေးပေါ်လစီကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေခြင်းဖြစ်သည်။ ဗဟိုဘဏ်ကမူ ငွေလဲနှုန်းကို သိသိသာသာ နှိမ့်ချလိုက်ခြင်းနှင့် စပ်လျဉ်း၍ တန်ဖိုးချခြင်းဟူသော ဝေါဟာရကို အသုံးမပြုဘဲ တစ်မူထူးခြားသောလှုပ်ရှားမှုဟုသာ ဖော်ပြပြီး ငွေကြေးအားပျော့လာမှုမှာ ကြားညီမျှချက်ကို တွက်ထုတ်သည့် စနစ်သစ်တစ်ရပ်ကို ထင်ဟပ်ကြောင်း ပြောကြားခဲ့သည်။   

ဗဟိုဘဏ်က နှုန်းထားသစ်သတ်မှတ်ရန်အတွက် မကြာသေးမီက ဈေးကွက်ဖန်တီးသူများထင်မြင်ချက်တောင်းခံခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံခြားငွေကြေး၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို ခြုံငုံသုံးသပ် သကဲ့သို့ နိုင်ငံတကာဈေးကွက် နောက်ဆုံးနှုန်းထားများကိုလည်း ထည့်သွင်းစဉ်းစားပြီး ကြားကျသည့် ညီမျှချက်တစ်ခုကို တွက်ထုတ်ခဲ့သည်ဟု ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဝေဖန်သုံးသပ်သူများကမူ ပို့ကုန်ကဏ္ဍကျဆင်းလာသောကြောင့် ငွေလဲနှုန်းကို နိမ့်ချလိုက်ခြင်းအားဖြင့် တရုတ်ကုန်စည်များ နိုင်ငံရပ်ခြားတွင် ဈေးပေါလာပြီး အဝယ်လိုက်လာစေရန် လုပ်ဆောင်သည့် လှုပ်ရှားမှုဖြစ်သည်ဟု ပြောကြားကြသည်။

''အားနည်းတဲ့ ကုန်သွယ်ရေးအချက်အလက်တွေက အားနည်းတဲ့ဘက်မှာပဲ စွဲမြဲနေဖို့ တွန်းပို့စေမှာဖြစ်ပေမယ့်လည်း ဒီလှုပ်ရှားမှုဟာ သဘောတူညီချက်မရသေးပါဘူး''ဟု စင်ကာပူ Commerzbank AGမှ စီးပွားရေးပညာရှင် ကျိုးဟောင်က Bloomberg သတင်းကို ကိုးကား ပြောကြားခဲ့သည်။

''အိုင်အမ်အက်ဖ်ရဲ့အရံငွေကြေးစာရင်းဝင်ဖြစ်ဖို့ လိုအပ်ချက်တွေအမြင်ကကြည့်ရင်တော့ ယွမ်ငွေလဲနှုန်းက ပိုပြီး ဈေးကွက်ဆန်ရမှာဖြစ်ပြီး ၊ပြည်တွင်း မှာရောပြည်ပ မှာပါပြောင်းလဲနိုင်စွမ်းရှိမှ သိသိသာသာ တိုးတက်လာလိမ့်မယ်''ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly