အငြင်းပွားနေသော နယ်စပ်တွင် တရုတ်နှင့် အိန္ဒိယ စစ်သားများ ခိုက်ရန်ဖြစ်ပွား

အငြင်းပွားနေသော နယ်စပ်တွင် တရုတ်နှင့် အိန္ဒိယ စစ်သားများ ခိုက်ရန်ဖြစ်ပွား

ပေကျင်း၊ သြဂုတ် ၂၁ ။            ။ ထွက်ပေါ်လာသော ဗီဒီယိုများတွင် အငြင်းပွားမှု ဖြစ်ပွားနေသော နယ်စပ်၌ တရုတ်စစ်သားများနှင့် အိန္ဒိယစစ်သားများ ခိုက်ရန်ဖြစ်ပွားသည်မှာ အမှန်တကယ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြီး နှစ်နိုင်ငံကြား နယ်စပ်သဘောတူညီမှုကို အိန္ဒိယက ချိုးဖောက်သည်ဟု စွပ်စွဲလိုက်သည်။

သြဂုတ် ၁၅ ရက်က တရုတ်နယ်မြေဖက်သို့ အိန္ဒိယစစ်သားများ ဝင်ရောက်လာပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာ တရုတ်နယ်ခြားစောင့်စစ်သားများ ဒဏ်ရာရကြောင်း ယင်းဝန်ကြီးဌာန   ပြောခွင့်ရသူ ဟွာချွန်ယင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ နယ်စပ်စစ်သားချင်း အချင်းများမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိန္ဒိယဖက်က သတင်းထုတ်ပြန်ထားပြီး တရုတ်စစ်သားများက သံချောင်းများ၊ ကျောက်ခဲများဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု အပြစ်ဆိုထားသည်။

တိဗက်ရှိ တရုတ်ပိုင်နက်ကို အိန္ဒိယစစ်သားများ ကျုးကျော်ဝင်ရောက်သည်ဟု စွပ်စွဲပြောဆိုပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးက လိပ်ခဲတည်းလည်း ဖြစ်နေချိန်၊ နယ်စပ်တွင် စစ်တပ်များ အပြန်အလှန် တပ်ဖြန့်ထားချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟိမဝန္တာဒေသ လာဒက်အရပ်က အငြင်းပွားနေရာတွင် နှစ်ဖက်စစ်သားများ အပြန်အလှန် ထိုးကြိတ်ကန်ကျောက်ကာ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည့် ဗီဒီယို ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags