ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းဖို့ မဖြစ်နိုင်

ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းဖို့ မဖြစ်နိုင်
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဒေသအသီးသီးမှာ ဖွဲ့စည်းထားတဲ့ ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းပြီး လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဝန်ကြီးဌာနလက်အောက်ကို ထားရှိဖို့ကိစ္စဟာ အရှုံးပေါ်နေတဲ့ လျှပ်စစ်ဌာနအတွက် မဖြစ်နိုင်ဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောဆိုလိုက်ပါတယ်။

ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းပြီး မီးရရှိပြီးတဲ့ ကျေးရွာတွေရဲ့ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဝန်ကြီးဌာနက တာဝန်ယူရမယ်ဆိုရင် ကောင်းမွန်တဲ့ အခြေအနေဖြစ်လာမှာ မှန်ပေမယ့် ဘတ်ဂျက်ရံပုံငွေမြောက်များစွာ လိုအပ်မှာဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ မဖြစ်နိုင်တဲ့အကြောင်း ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

နိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဓာတ်အားထုတ်လပ်မှု အမှန်ကုန်ကျစရိတ်ရဲ့ လေးပုံတစ်ပုံလောက်သာကျသင့်တဲ့ ဓာတ်အားခနှုန်းထားနဲ့ ပြည်သူတွေကို ရောင်းချနေရတာကြောင့် ဝန်ကြီးဌာနအနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တစ်နှစ်ထဲမှာတောင် ၄၄၅ဘီလီယံ(၁ဘီလီယံ = ကျပ်သန်းတစ်ထောင်) အရှုံးပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

လျှပ်စစ်မီးရရှိဖို့ ဖွဲ့ထားတဲ့ နိုင်ငံတဝှမ်းက ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းပြီး လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအောက်ထားရှိရေးအဆိုကို အတည်မပြုဘဲ လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ ဩဂုတ်လ ၂၁ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာထွန်းနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က NLDအမတ် မိကွန်ချမ်း တင်သွင်းခဲ့တဲ့ အဲ့ဒီအဆိုကို လွှတ်တော်အမတ် ၁၉ဦးဆွေးနွေးခဲ့ပြီး လွှတ်တော်အမတ်အများစုကလည်း အဆိုကို အတည်မပြုသင့်တဲ့အကြောင်း ပြောကြပါတယ်။

လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အစိုးရရဲ့ ဘတ်ဂျက်နဲ့ မလုပ်ပေးနိုင်သေးတဲ့အချိန်မှာ မီးလင်းရေးကော်မတီက လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသန့်ဇင်က အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

 ငွေကြေးအလွဲသုံးစားလုပ်တဲ့ ကော်မတီတွေရှိသလို ကိုယ့်ဒေသမီးလင်းရေးအတွက် စိတ်၊ စေတနာ အမှန်နဲ့ ကြိုးပမ်းနေတဲ့ မီးလင်းရေးကော်မတီတွေလည်း ရှိပါတယ်လို့ လွှတ်တော်အမတ်တစ်ချို့ကလည်း ဆွေးနွေးကြပါတယ်။

“ပြဿနာတွေ ရှိနိုင်ပါတယ်။ သို့သော် ဒီလိုဖြစ်တိုင်း ဖျက်သိမ်းဖို့ မစဉ်းစားဘဲနဲ့ အဂတိလိုက်စားမှုတွေရှိရင် ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်” လို့ မြစ်သားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလင်းလင်းကျော်က အကြံပြု ဆွေးနွေးခဲ့ပါတယ်။

အဆိုရှင် မိကွန်ချမ်းကတော့ ကျေးလက်မီးလင်းရေးကော်မတီတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကျေးရွာပြည်သူလူထုအပေါ် ငွေကြေးအလွဲသုံးစားလုပ်နေမှု၊ လျှပ်စစ်ဥပဒေကို လက်တစ်လုံးခြား အလွဲသုံးနေမှုနဲ့ ဝန်ကြီးဌာနအနေနဲ့ ကျေးလက်ဒေသ လျှပ်စစ်မီးသုံးစွဲရာမှာ မူဝါဒတွေ စနစ်တကျ ချမှတ်နိုင်ဖို့ ရည်ရွယ်ပြီး ဒီအဆိုကို တင်ခဲ့တာလို့ ပြောပါတယ်။

“မီးလင်းရေးကော်မတီတွေကို ဖျက်တယ်ဆိုတာက ဖျက်ပြီးရင် အဖွဲ့ထပ်ဖွဲ့လို့ ရပါတယ်။ ဒီ မီးလင်းရေးကော်မတီကို မဖျက်ဘူးဆိုရင် ကျွန်မတို့ဒေသမှာ အခုဟာက လက်ဆင့်ကမ်းပြီးတော့ ငွေအလွဲသုံးစားလုပ်တာ။ အဓိကတော့ ငွေအလွဲသုံးစားလုပ်တဲ့ဟာကို ကျွန်မတို့က ပြောပြချင်တာ” လို့ မိကွန်ချမ်းက ပြောပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် အပါအဝင် ဝိုင်းဝန်ဆွေးနွေးကြတဲ့ လွှတ်တော်အမတ်တွေအနေနဲ့လည်း သူ့အဆိုကို နားလည်မှုလွဲနေကြတယ်လို့ မိကွန်ချမ်းက လွှတ်တော်အစည်းအဝေးအပြီးမှာ ပြောဆိုပါတယ်။

“အများစုက မီးလင်းရေးကော်မတီဖျက်လိုက်ရင် မီးမလင်းတော့ဘူး။ ဒုက္ခတွေ ရောက်တော့မယ်။ အဲ့ဒါနဲ့ သူတို့က ထောက်ပြနေကြတော့ ကျွန်မရဲ့အဆိုရဲ့ သဘောသက်ရောက်မှုကို နားမလည်တာ။ နောက်ပြီးတော့ ဝန်ကြီးဌာနက အဲ့ဒီမီးလင်းရေးကော်မတီတွေကို သူဖွဲ့တာ မဟုတ်ဘူး။ ပြည်သူတွေက ဖွဲ့တာ။ ဖျက်ရင် ပြည်သူတွေကပဲ ဖျက်ရမယ်ဆိုတဲ့ဟာကလည်း လွဲပြန်ရော။ အဲ့ဒါကြောင့်မို့ ဒီနေ့ ကျွန်မအဆိုကတော့ အလွဲအဆိုလို့ပဲ ပြောရမလား မသိဘူး” လို့ သူမက ပြောပါတယ်။

လျှပ်စစ်ဓာတ်အားကို စောလျင်စွာ အသုံးပြုလိုကြတဲ့ ကျေးလက်ပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေး ထည့်ဝင်ပြီး ကျေးလက်မီးလင်းရေးကော်မတီဖွဲ့စည်းကာ မီးလင်းရေးအတွက်  ကြိုးပမ်းကြရတာ ဖြစ်ပါတယ်။

ကျေးလက်မီးလင်းရေးကော်မတီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူပြီး ဒီကော်မတီဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း လျှပ်စစ်ဌာနရဲ့ ခွင့်ပြုချက်ရယူပြီး ဒေသခံများရဲ့ ငွေကြေးထည့်ဝင်မှုနဲ့ လျှပ်စစ်မီး သွယ်တန်းရတာ ဖြစ်ပါတယ်။

၂၀၀၅ခုနှစ်လောက် စတင်ခေတ်စားလာတဲ့ ကျေးလက်မီးလင်းရေးကော်မတီဖွဲ့စည်းပြီး လျှပ်စစ်မီးရရှိတဲ့ ကျေးရွာပေါင်း (၇၁၃၄)ရွာ ရှိနေပြီလို့ ဒုဝန်ကြီး၊ ဒေါက်တာထွန်းနိုင်က ဒီကနေ့လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းပြောဆိုသွားပါတယ်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly