UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် SSPP/ SSA စာတင်ထား

UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် SSPP/ SSA စာတင်ထား

ရန်ကုန်၊ သြဂုတ် ၂၁ ။           ။ အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် ရေးထိုးရန်ဆွေးနွေးနေကြသည့် ညီညွှတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်းအဖွဲ့(SSPP/ SSA) ဘက်မှ တောင်းဆိုထားကြောင်း သိရသည်။

UWSA ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) တွင်ပြုလုပ်နေဆဲဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် SSPP/ SSA ဘက်မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က ပြောဆို ကြေညာခဲ့ခြင်းဖြစ်သည်။

“၂၀၁၇ ခုနှစ်သြဂုတ်လ ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကို ကျွန်တော်တို့စာရေးပြီးတော့မှ အကြောင်းအရာ မိမိတို့တိုင်းရင်းသား လူမျိုးများဖက်ဒရာယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းဆိုတဲ့စာကို ပေးပို့ ပြီးသားဖြစ်ပါတယ် “ ဟု SSPP/ SSA မှ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က ပြောဆိုသည်။

၂၀၁၇ နှစ်ဆန်းပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ကို UNFC အဖွဲ့မှ နှုတ်ထွက်ခွင့့်ပြုခဲ့သေးသည်။

ယခု နှုတ်ထွက်စာတင်ထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် “၀” အဖွဲ့ UWSA မှ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

ထို့ကြောင့် SSPP/ SSA သာ နှုတ်ထွက်ခဲ့ပါက လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုုးသားကောင်စီ (ANC)၊  လားဟူ ဒီမိုကရက်တစ် အဖွဲ့အစည်း (LDU) စသည့် အဖွဲ့အစည်း ၄ ဖွဲ့သာ ကျန်ရှိတော့မည်ဖြစ်သည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန်အတွက် UNFC မှ ဖွဲ့စည်းထားသော ဆွေးနွေးရေးအဖွဲ့ DPN အနေဖြင့် အစိုးရကိုတောင်းဆိုထားသော အချက် ၄ ချက်ကိုပြေလည်မှုရရှိထားပြီး ဆက်လက်ဆွေးနွေးရန် ၄ ချက် ကျန်ရှိနေသည်။

UNFC အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ဆွေးနွေးမှုများအဆင်ပြေနေပြီး NCA လက်မှတ် ရေးထိုးရန် အလားအလာကောင်းများ ရှိနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags