ကဆုန့် စစ်ဘေးရှောင်များ နေရပ်ပြန်တော့မည်

ကဆုန့် စစ်ဘေးရှောင်များ နေရပ်ပြန်တော့မည်

သြဂုတ်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။                 ။ ရက်သတ္တပတ်ကျော်ကြာ စစ်ဘေးရှောင်ခဲ့ရသော ကဆုန့် စစ်ဘေးရှောင် ၁၀၀၀ ကျော် မနက်ဖြန် သြဂုတ်လ ၂၂ ရက်နေ့တွင် မိမိနေရပ်သို့ ပြန်နိုင်တော့မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။ 

သြဂုတ်လ ၂၀ ရက်နေ့က ကဆုန့်စစ်ရှောင်နှင့် ဇွပ်မိုင်စစ်ရှောင်များ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ PCG အဖွဲ့၊ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)နှင့် ကက်သလစ်ဘုန်တော်ကြီးများ တွေ့ဆုံဆွေးနွေးကာ   နေရပ်ပြန်နိုင်ရေးဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မနက်ဖြန် ပြန်ပို့တော့မယ်။ စစ်ရှောင်တွေလည်း ပြန်ချင်တယ်။ စစ်တပ်နဲ့ အစိုးရကလည်း ပြန်ဖို့ ခွင့်ပြုတယ်။ စစ်ရှောင်တွေ နေရပ်ပြန်တာ ဒါက ပထမအကြိမ် စံပြအနေနဲ့ ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်တာ ဖြစ်တယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကဆုန့်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်အစိုးရဝန်ကြီးချုပ် အပါအဝင် အမှတ် ၃ စစ်ဆင်ရေး ကွပ်ကဲရေးမှု ဌာနချုပ်(စကခ)မှ အရာရှိများနှင့် PCG တွေ့ဆုံစဉ် တပ်မတော် စစ်ကြောင်းများလည်း မရှိတော့ သဖြင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ကြောင်း ပြောဆိုခဲ့သဖြင့် နေရပ် ပြန်နိုင်ခြင်း ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။  

“ကျွန်တော်တို့ စစ်ရှောင်တွေကို သွားခေါ်ယူဖို့ စစ်တပ်နဲ့ တင်ပြတယ်။ ဒါက ရွာသားတွေ အရင်ကတည်းက နေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်။ အခုမှ တည်ထားတဲ့ ရွာလည်းမဟုတ်ဘူး။ လူလည်း များတယ်။ ခုချိန် သူတို့ တစ်နှစ်စာ စိုက်ပျိုးထားတဲ့ သီးနှံတွေ၊ တိရိစ္ဆာန်တွေ ပစ်ထားတာ အမြန်မပြန်နိုင်ဘဲ တစ်လလောက် ကြာလာမယ်ဆိုရင် သူတို့ IDP ဘဝ ဖြစ်သွားမယ်။ ပြန်နိုင်ဖို့ မလွယ်ဘူး။ အခု လောလောလတ်လတ်ပြန်နိုင်ရင် ပိုကောင်းတယ်။ ဒါကြောင့် စစ်ကြောင်း ရှိနေရင် သူတို့ မပြန်ရဲ ကြဘူးလို့ တင်ပြခဲ့တယ်။ သူတို့ စစ်ကြောင်းလည်း မရှိတော့ဘူး။ ပြန်ဆုတ်မယ်ပြောလို့ ခုလို ပြန်နိုင်တာပါ”ဟု သူက ပြောသည်။  

PCG က ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ထံသို့ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ကဆုန်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ စာပေးပို့ခဲ့ပြီးနောက် နေရပ် ပြန်ခွင့်ပြုခဲ့ပြီး ဖြစ်သလို၊ ယနေ့ သြဂုတ်လ  ၂၁ ရက်နေ့တွင်လည်း စစ်ရှောင်များ နေရပ်ပြန်မည့်အကြောင်း စာရေးသား ပေးပို့မည် ဖြစ်ကြောင်း သူက ပြောသည်။ 

မနက်ဖြန် မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးကား ၁၀၀ ခန့်ဖြင့် စစ်ဘေးရှောင်များအား ကချင်ပြည်နယ် အစိုးရ ဝန်ကြီးဌာန ရုံးမှ တာဝန်ရှိသူများ၊ ကက်သလစ်အသင်းတော်၊ PCG ၊ KBC ၊ ကချင်လူမှုအဖွဲ့အစည်းများ အားလုံး တပြိုင်ထဲ သွားရောက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း နမ္မတီး လမ်းခွမှ ကက်သလစ် အသင်းတော်မှ စစ်ဘေးရှောင်များအား ကူညီနေသူ ဦးလဂျာက ပြောသည်။ 

“မနက်ဖြန် သွားပို့ဖို့ အကုန်လုံး ညှိနှိုင်းပြီးသွားပြီ။ စစ်ရှောင်တွေလည်း ပြန်ဖို့ သဘောတူကြပြီဆိုတော့ ကျနော်တို့ အားလုံး လိုက်ပို့ကြမယ်။ ဆုတောင်းပေးကြပါအုန်းနော်။ မနက်ဖြန် ကဆုန့်၊ ဇွပ်မိုင် စစ်ရှောင်အကုန်လုံးကို လိုက်ပို့ကြမယ်။  ပြန်ရတာ့မယ်ဆိုတော့ ဖျားတာတွေတော့ ပျောက်ကုန်ကြပြီ ပျော်နေကြတယ်” သူက မဇ္စျိမကို ပြောသည်။  

ထို့ပြင် ကားမိုင်းအနီး ဂိတ်တွင် တားဆီးခံခဲ့ရသော စစ်ဘေးရှောင်များအား ကူညီထောက်ပ့ံရန် သွားရောက် သည့် ကချင်လူမှုဖွံ့ဖြိုးရေးအသင်းတို့လည်း သြဂုတ်လ ၂၀ ရက်နေ့တွင် နမ္မတီး လမ်းခွသို့ ရောက်ရှိိလာ၍ KBC ကက်သလစ် အသင်းတော်တို့အား ကျပ်သိန်း ၂၅ သိန်းစီနှင့် အိမ်တွင်း အသုံးအဆောင် ပစ္စည်းများ လာရောက် ထာက်ပံ့ပေးခဲ့သည်ဟု သူက ပြောသည်။  

၄င်းအဖွဲ့၏ လိုင်စင်မဲ့ကား ၄ စီးနှင့် လူ ၄ ဦးကိုအတွက် လူ ၈ ယောက်ဖြင့် အာမခံ၍ ပြန်လည် လွှတ်မြောက်လာခဲ့သည်ဟု သိရကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ 

သြဂုတ်လ ၁၁ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ တပ်ဖွဲ့များနှင့် တပ်မတော် တို့အကြား ကဆုန့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly