လိပ်ကျွန်းအမှု နောက်ဆုံးအပြီးသတ် အယူခံ တင်လိုက်ပြီ

လိပ်ကျွန်းအမှု နောက်ဆုံးအပြီးသတ် အယူခံ တင်လိုက်ပြီ
ဓာတ်ပုံ -EPA

သြဂုတ်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။                   ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့သောင်း(လိပ်ကျွန်း) သေဒဏ်ကျခံရသော မြန်မာနိုင်ငံသားနှစ်ဦး၏ နောက်ဆုံး အယူခံကို သြဂုတ်လ ၂၁ ရက်နေ့တွင် မူလအခြေခံ တရားရုံးဖြစ်သော ကော့စမွေတရားရုံးသို့ တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမှုတွင် တရားခံ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့သည် အပြစ်မရှိကြောင်း ဥပေးအရ နောက်ဆုံး အပြီးသတ်တောင်းဆိုတင်ပြခွင့်ရှိသော ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးသို့ တင်သွင်းခြင်း ဖြစ်သည်။

“သူတို့က မူလတရားရုံး(ကော့စမွေ)မှာ တင်ပေးရတာဖြစ်ပြီးတော့ အဲဒီမူလတရားရုံးကနေတဆင့် အမှုတွဲပါ အဆင့်မြင့်ဆုံး တရားရုံးကို တစ်ခါတည်းပို့ပေးလိုက်ရတာပါ။ ထိုင်းရှေ့နေမ နှစ်ယောက်သွားပါတယ်။ ၉ နာရီခွဲ က တင်ပြီးသွားပါပြီ”ဟု မြန်မာသံရုံးအဖွဲ့ ကိုယ်စားလှယ် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“စာမျက်နှာဘယ်လောက်ဆိုတာ မသိရသေးဘူး။ သူတို့ကတော့ အချက်ကြီး ၁၁ ချက်၊ အားသာချက် ၁၇ ချက် အပြည့် အစုံရေးထားတယ်။ နောက်တစ်ခါ မြန်မာအစိုးရက အကြံပေးချက်တွေလည်း ရေးထားတယ်လို့ ပြောပါတယ်။ ဒီအန်အေကိစ္စ၊ လူသတ်လက်နက် ပေါက်တူးကိစ္စ၊ စီစီတီဗီကိစ္စ၊ လူသေတဲ့ လူခွဲစိတ်တာတွေ လည်း ပါမယ်လို့ ပြောပါတယ်”ဟု သူက ပြောသည်။

၄င်းအယူခံ မိတ္တူစာရွက်များကို ထိုင်းရှေ့နေများကောင်စီက ယခုရက်ပိုင်းအတွင်း ပေးပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ အယူခံ တင်သွင်းခဲ့ပြီးနောက် ထိုင်းအဆင့်မြင့် တရားရုံးက တရားသူကြီးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ပြန်လည် သုံးသပ်ကာ လာမည့် ၆ လအတွင်း အမှုဆုံးဖြတ်ပေးနိုင်မည်ဖြစ်သော်လည်း သည့်ထက်လည်း စောလျှင်စွာလည်း ချနိုင်သည်ဟု မြန်မာသံရုံးအဖွဲ့ ကိုယ်စားလှယ် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ၅ နှစ်ခန့်က ထိုင်းနိုင်ငံအတွင်း ဆန္ဒပြသူများကြားတွင် လူတစ်ဦး သေနပ်ပစ်ခတ်လိုက်သည့် သေဆုံးသွားသည့် အမှုတွင် ပစ်ခတ်ခဲ့သည့် လူ၏ ဓာတ်ပုံကို စီစီတီဗီတွင် မြင်ရသလို၊ သူကိုယ်တိုင်လည်း ဝန်ခံခဲ့သော်လည်း အောက် တရားရုံးတွင် သေဒဏ်ချခံခဲ့သေ်ာလည်း အဆင့်မြင့်တရားရုံးတွင် တရားသေလွတ်ခဲ့ပြီး အမှုကို ပိတ်လိုက်ရသည့် ထိုင်း ဥပဒေအရ ခံစားခွင့်ရှိခဲ့သဖြင့် မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုကိုလည်း ခံစားခွင့်ရလိမ့်မည်ဟု မျော်လင့်ချက်ရှိနေသည်ဟု သူက ပြောသည်။

“အန်ကယ်ကတော့ ထိုင်းနိုင်ငံမှာ ဥပဒေတစ်ခုပဲရှိတယ်။ ဒါကြောင့်မို့ ထိုင်းဥပဒေအတိုင်းလိုက်နာပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်တဲ့ဟာတွေကို ဘယ်နိုင်ငံသားမဆို ဒီဥပဒေ ခံစားခွင့်ကို ရမယ်လို့ မျော်လင့်တယ်။ ဒါကြောင့်မလို့ ဒီကလေးတွေဟာ ကောင်းတဲ့ရလဒ်ကောင်း ရမယ်ဆိုတာပဲ လုံးဝ ယုံကြည်တယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထို့ပြင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် အပြစ်မရှိကြောင်း သတ်မှတ်ထားပြီး အကယ်၍ သေဒဏ် ချမှတ်ပါက ရာနုန်းပြည့် အထောက်အထား ခိုင်ခုံမှု ရှိရမည်ဖြစ်သော်လည်း ယခု အမှုတွင် ချွတ်ယွင်းချက် အများအပြား ရှိနေသဖြင့် ၄င်းတို့နှစ်ဦးအား သေဒဏ်ချမှတ်ခြင်းသည် မှန်ကန်မှု ရှိသည်ဟု ပြောဆို၍ မရကြောင်း သူက ဆက်ပြောသည်။

သူတို့ နှစ်ဦး၏ ရှေ့နေများက ပထမ တင်သွင်းခဲ့သော အယူခံကို မတ်လ ၁ ရက်နေ့က ထိုင်းတရားရုံးက ပယ်ချခဲ့သဖြင့် နောက်ဆုံး အပြီးသတ် အယူခံအတွက် အချိန် ၅ လကြာ ပြင်ဆင်၍ ယနေ့တွင် ထိုင်းရှေ့နေများကောင်စီက အယူခံကို ထပ်မံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ဖမ်းဆီး တရားစွဲကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly