မက်ဆီတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးဖို့ မန်စီးတီး အသင့်ဖြစ်

မက်ဆီတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးဖို့ မန်စီးတီး အသင့်ဖြစ်
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးအသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် မက်ဆီက ဘာစီလိုနာမှာ သူ့ရဲ့ အနာဂတ်ကို 'အလေးအနက် စဉ်းစား'နေတယ်လို့ Daily Record အရ သိရပါတယ်။

ပြင်သစ်ကလာတဲ့ သတင်းတွေအရ မန်ချက်စတာစီးတီးဟာ မက်ဆီရဲ့ စာချုပ်လျော်ကြေး ပေါင်သန်း (၂၇၅) ကို ပေးချေပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးဖို့ အသင့်ရှိနေလို့ ဆိုပြန်ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ပီအက်စ်ဂျီအသင်းဆီ ပေါင် (၁၉၈) သန်းနဲ့ နူးကမ့်ကနေ ထွက်ခွာသွားတဲ့ နေမာဟာ လက်ရှိ ဘောလုံးလောကမှာ ကြေးအကြီးဆုံးကစားသမားဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအတွက် (၅၈၅)ပွဲကစား၊ ဂိုး (၅၀၈) ဂိုးသွင်းယူခဲ့ကာ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ လာလီဂါအမှတ်ပေးဖလား (၈)ကြိမ်နှင့် ချန်ပီယံလိဂ် (၄)ကြိမ် ရရှိအောင် ကူညီခဲ့ပြီး ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံနေရသူလည်းဖြစ်ပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့ ကစားသမားဟာ ပြီးခဲ့လက ဘာစီလိုနာနှင့် (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်အတွက် သဘောတူညီခဲ့ပေမယ့် စာချုပ်သစ်ကိုတော့ အခုချိန်ထိ လက်မှတ်ရေးထားခြင်းတော့ မရှိသေးပါဘူး။ ဒါ့ကြောင့် ဒီနွေရာသီမှာ ကစားသမားရဲ့ အပြောင်းအရွှေ့တွေဖြစ်လာနေသေးတယ်လို့ သတင်းတွေ ဖော်ပြကြပါတယ်။

မန်စီးတီး အကြီးအကဲတွေနှင့် မက်ဆီရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာမှာ တွေ့ဆုံခဲ့ကြပြီး ပရီးမီးယားလိဂ်ကလပ်က အာဂျင်တီးနား ကစားသမားကို အင်္ဂလန်မြေပေါ် ခေါ်ယူဖို့ အပြောင်းရွှေ့ဖြစ်နိုင်ခြေနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့လက ၎င်းရဲ့ အသင်းဖော််နှင့် သူငယ်ချင်းဖြစ်သူ နေမာကို ပီအက်စ်ဂျီအသင်းထံ ရောင်းထုတ်လိုက်ပြီးနောက် ဘာစီလိုနာမှာ စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ နှစ်တော်တော်ကြာ စိတ်ဝင်စားခဲ့ပြီး နည်းပြ ဂွာဒီယိုလာဟာ သြဂုတ် ၃၁ ရက် အပြောင်းအရွှေ့ မသိမ်းမီ တိုက်စစ်မှူး တစ်ယောက် ခေါ်ယူဖို့ မျှော်လင့်ထားပါတယ်။

Ref; Daily Record, Yahoo France

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly