ဗိုလ်ချုပ်ရုပ်ရှင်ကို အချိန် ၂ နှစ်ယူ ရိုက်မည်ဟု မင်းထင်ကိုကိုကြီးပြော

ဗိုလ်ချုပ်ရုပ်ရှင်ကို အချိန် ၂ နှစ်ယူ ရိုက်မည်ဟု မင်းထင်ကိုကိုကြီးပြော
ဓါတ်ပုံ မင်းထင်ကိုကိုကြီး facebook

ရန်ကုန်၊ သြဂုတ် ၂၀ ။                  ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို အချိန် ၂ နှစ်ယူ၍ တာဝန်ခံရိုက်ကူးသွားမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမသို့ပြောသည်။

"ကျွန်တော့်မှာ အချိန်ကာလတစ်ခု သတ်မှတ်ပြီးသွားပြီ၊ ၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့မှာ စမယ်၊ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်ပေါ့၊ ကျွန်တော် အချိန် ၂နှစ် ယူထားတယ်၊ အဲဒါ ပြနိုင်အောင် အဲဒီရုပ်ရှင်ပြနိုင်အောင် ကျွန်တော်အပြီးလုပ်မယ်" ဟု မင်းထင်ကိုကိုကြီးက ပြောသည်။

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ရုံတင်ပြသနိုင်ရန် စီစဉ်ခဲ့သော်လည်း ရိုက်ကူးနိုင်ခဲ့ခြင်း မရှိသည့်အပေါ် ဝေဖန်မှုအချို့ရှိခဲ့သည်။

ယင်းဝေဖန်မှုများနှင့်ပတ်သက်၍လည်း မင်းထင်ကိုကိုကြီးက သြဂုတ်လ ၂၀ ရက် နေ့က ၎င်း၏လူမှု ကွန်ယက်စာမျက်နှာတွင် "ကျွန်တော်တာဝန်ယူထားပါတယ်။ ဒါတွေပြောဖို့ အချိန်စောင့်ချင်သေးပေမဲ့ ပြောမှဖြစ်တော့မှာမို့ ပြောရပါပြီ။ ဗိုလ်ချုပ်ရုပ်ရှင် ကျွန်တော် ရိုက်မှာပါ" ဟု ရေးသားခဲ့သည်။

"အခုဟာက ကျွန်တော်ရေးထားသလိုပဲ မပြောလို့မရလို့ ကျွန်တော်ပြောတယ်၊ ဒါလေးကိုပဲ ကျွန်တော်ပြောချင်တယ်" ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက မဇ္ဈိမ၏ ထပ်ဆင့်မေးမြန်းမှုကို ဖြေကြားသည်။

ထို့ပြင် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး ဘတ်ဂျတ်ငွေကြေးကိစ္စများအပေါ် ဝေဖန်မှုများရှိခဲ့သည့်အပေါ်ကိုလည်း "ဘတ်ဂျတ် သိန်းရှစ်ထောင်ရှိတယ်၊ အဲဒီဘတ်ဂျတ်နဲ့ရိုက်မှာ၊ လူတွေ လှူထားတဲ့ငွေက ရှစ်ထောင်နဲ့တစ်ကျပ်ဆိုတောင် ရှစ်ထောင်နဲ့ တစ်ကျပ်ရှိတယ်၊ ရော့ကို ရော့မသွားဘူး" ဟု တုံပြန်ဖြေကြားခဲ့သည်။

ထို့ပြင် ဒါရိုက်တာမောင်သူရ(ဇာဂနာ) ကလည်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ပြီးစီးရန် လိုအပ်သည့်ငွေကြေးများကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၏ ကိုယ်ပိုင်ငွေကြေးများဖြင့် စိုက်ထုတ်သုံးစွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရွေးချယ်ခံထားရသည့် သရုပ်ဆောင်များကိုလည်း မကြာမီပြန်လည် ဆက်သွယ်သွားမည်ဟုလည်း မီဒီယာများကို မကြာသေးမီက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရန်အတွက် ကျပ်သိန်းနှစ်သောင်း ကုန်ကျမည်ဖြစ်သော်လည်း လှူဒါန်းရရှိသော ငွေကြေးမှာ ကျပ်သိန်း ၂,၀၀၀ ဝန်းကျင် ရရှိထားပြီး၊ ဇာတ်ကားအတွက်   ဖြစ်မြောက်ရေးကော်မတီမှ ကျပ်သိန်း ၈,၀၀၀ ဝန်းကျင် စိုက်ထုတ်သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly