နှမ်းရိတ်သိမ်း ရောင်းချချိန်တွင် အရှုံးပေါ်နိုင်ဟု နှမ်းစိုက်တောင်သူများ ဆို

နှမ်းရိတ်သိမ်း ရောင်းချချိန်တွင် အရှုံးပေါ်နိုင်ဟု နှမ်းစိုက်တောင်သူများ ဆို

မကွေး၊သြဂုတ် ၂၀ ။         ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ စိုက်ပျိုးရာသီအချိန် မိုးနှမ်းစိုက်ဧက( ၁၁၉၅၄၅၇) ဧကရှိပြီး နှမ်းစိုက်တောင်သူများ ရိတ်သိမ်း ရောင်းချချိန်တွင် အရှုံးပေါ်နိုင်ကြောင်း ဒေသခံ နှမ်းစိုက် တောင်သူများထံက သိရသည်။

ယခုနှစ် မိုးဦးကျစောသည့်အတွက် ဧပြီလမှစ၍ မကွေးမြို့နယ် ယင်းဆိပ်တိုက်နယ်အတွင်းရှိ ကျေးရွာများနှင့် မြင်ကွန်းတိုက်နယ်ကျေးရွာများမှ တောင်သူများ၊ မကြီးကန်ကျေးရွာမှ တောင်သူများသည်   နှမ်းစိုက်ပျိုးမှု များခဲ့ပြီး နှမ်းဦးများ နှုတ်သိမ်းချိန်တွင် မိုးများခဲ့၍ နှမ်းပင်များ ကောင်းသော်လည်း နှမ်းအဖိုပင်များ၍ အထွက်နှုန်းနည်းပြီး ပြန်ရောင်းချိန်တွင်စျေးနှုန်းကျနေ၍ အရှုံးပေါ်ခဲ့ကြောင်း   နှမ်းစိုက်တောင်သူများကပြောသည်။

“မိုုးဦးကျ စိုက်ပျိုးဖို့ နှမ်းမျိုးစေ့ ဝယ်ရတဲ့အချိန်စျေးနဲ့ အခုနှမ်းသစ်ပေါ်လို့ ပြန်ရောင်းရတဲ့စျေးက နည်းနေတယ်။ ဒါ နှစ်စဉ် ကြံုတွေ့နေရတာပါ၊ စိုက်ပျိုးဖို့ နှမ်းအနက် (၁)တင်းကို (၇၅၀၀၀)ကျပ် ပေးဝယ်ရပြီး အခု ပြန်ရောင်းတော့ (၄၀၀၀၀)ကျပ်၊နှမ်းအဖြူ(၁)တင်းကို (၄၅၀၀၀)ကျပ်ပေးဝယ် စိုက်ရပြီး အခုပြန်ရောင်းတော့ (၃၅၀၀၀)ကျပ်ပဲ ရပါတယ်၊ နှမ်းစျေးကွက်က နှေးနေတယ်။ တောင်သူအလုပ်ကတော့ စစိုက်ပျိုးတဲ့ အချိန်ကနေ ရောင်းချတဲ့အထိ ရင်မောရပါတယ်” ဟု မကြီးကန်ကျေးရွာ၊ နှမ်းစိုက်တောင်သူ ဦးသောင်းဌေးက ပြောသည်။

နှမ်းစိုက်ပျိုးချိန်တွင် နှမ်းမျိုးစေ့ စျေးကြီးပေးဝယ်ရသလို ထွန်းရှဉ်းခ တစ်မနက် (၇၀၀၀)ကျပ်။ ထွန်းစက်မောင်းခ (၁)နာရီ (၁၂၀၀၀)ကျပ်၊ ပေါင်းထိုးချိန် မြက်နှုတ်ချိန်များတွင် လုပ်သားခ အပြတ်ပေး လုပ်ရသဖြင့် ကုန်ကျစရိတ် များကြောင်း နှမ်းစိုက်တောင်သူများကဆိုသည်။ (၁)ဧကကို နှမ်း နှစ်ပုံထွက်ပါတယ်၊ မနှစ်က နှမ်းတစ်ပုံကို လေးတင်းနှုန်းထွက်တယ်။ ဒီနှစ်မှာတော့ နှမ်းတစ်ပုံကို သုံးတင်းနှုန်း ထွက်ဖို့ မနည်းစုရပါတယ်၊ နှမ်း ဦးဦးဖျားဖျားပေါ်တော့လည်း စျေးကမကောင်းတော့ တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်၊ သက်ဆိုင်ရာက တာဝန်ရှိသူတွေ အနေနဲ့ နှမ်းစျေးကွက် တည်ငြိမ်ရေး လုုပ်ငန်းတွေ ဆောင်ရွက်ပေးစေချင် ပါတယ်” ဟု ကြာကန်ကျေးရွာတောင်သူ ဦးဝင်မောင်ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ နှမ်းများ စျေးကွက်တွင် ယခုထက်ပို၍ အရည်အသွေးမြင့်မြင့် စျေးကွက်ဝင် နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေး ပွဲကို ဂျပန်နိုင်ငံမှ အဖွဲ့ဝင်(၅)ဦးပါ JAICAF အဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်း၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ ၊ တောင်သူ ကိုယ်စားလှယ်များ ပါ၀င်ဆွေးနွေးမှုတွေ ယခုနှစ်အတွင်း လုပ်ဆောင်နေပါတယ်၊ ပြည်ပစျေးကွက်တန်းဝင်ဖို့ အရည်အသွေး စံချိန်လိုအပ်နေသေးတယ်၊အရည်အသွေး ကောင်းမွန်တဲ့ နှမ်းများဖြစ်ရန် (GAP)စနစ်ကို မကွေးတိုင်းဒေသကြီးအတွင်းစတင် အကောင် အထည်ဖော်နေပြီး ဖြစ်၍ နောက်ပိုင်း စျေးကွက် ပွင့်လန်းလာတော့မည်ဟု မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly