အိန္ဒိယ၌ ရထားလမ်းချော်မှုကြောင့် အနည်းဆုံး ၂၃ဦးသေဆုံးပြီး ရ၀ခန့်ဒဏ်ရာရရှိ

အိန္ဒိယ၌ ရထားလမ်းချော်မှုကြောင့် အနည်းဆုံး ၂၃ဦးသေဆုံးပြီး ရ၀ခန့်ဒဏ်ရာရရှိ

နယူးဒေလီ၊ သြဂုတ် ၂၀ ။            ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြောက်ပိုင်းမှ ၁၃၀ ကီလိုမီတာခန့် ကွာဝေးသောအရပ်တွင် ခရီးသည်တင်ရထား တစ်စင်းသည် စနေနေ့ညနေပိုင်းက မတော်တဆလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ခရီးသည် ၂၃ ဦးခန့် သေဆုံးခဲ့ပြီး ရ၀ခန့် ဒဏ်ရာရရှိခဲ့သည်။

ယခုဖြစ်စဉ်သည် လွန်ခဲ့သော ၆လက ရထားလမ်းချော်မှုကြောင့် လူပေါင်း ၃၉ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ပြီး နောက် အိန္ဒိယနိုင်ငံ၌ ထပ်မံကြံုတွေ့ရသည့် ရထားလမ်းချော်မှု ဖြစ်ရပ်ဆိုးတစ်ခုဖြစ်သည်။

ယခုမတော်တဆဖြစ်ရပ်သည် နိုင်ငံမြောက်ပိုင်းရှိ အက်တာပရာဒက်ရှ်ပြည်နယ်၌ ဒေသစံတော်ချိန် ၅း၃၀ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ပြီး တွဲပေါင်း ၁၀ တွဲပါ၀င်သည့် အက်ကယ်လ်အမြန်ရထားသည် မိုးသီးမုန်တိုင်း တိုက်ခတ်နေ စဉ်၌ မူဇက်ဖ်အာနာဂါမြို့အနီးတွင် ရထားလမ်းချော်ခဲ့ခြင်းဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနက ပြောခဲ့သည်။

လမ်းချော်မှုကြောင့် ရထားတွဲများသည် တစ်တွဲပေါ်တစ်တွဲ ထပ်နေခဲ့သလို အချို့တွဲများသည် တိမ်းမှောက်သွား ခဲ့ကာ သတ္တုချောင်းများ အပြင်သို့ ရှုပ်ယှက်ခတ်စွာ ထွက်နေခဲ့သောကြောင့် ကယ်ဆယ်ရေးအဖွဲ့များသည် ခရီးသည်များကို ငါးနာရီကျော်ကြာအောင် ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရသည်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်ပါတယ်။ ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံးသို့လည်း ပို့ဆောင်ပြီးပါ ပြီ။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အခုပဲစတင်ပါတော့မယ်” ဟု မီးရထားဝန်ကြီးဖြစ်သူ ဆာရက်ရှ် ပရက်ဘ်ဟူက သူ၏တွစ်တာအကောင့်၌ ရေးသားကာ ကြေညာခဲ့သည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ ဆိုးရွားသော မီးရထားမတော်တဖြစ်မှုများ မကြာခဏနေဆိုသလို ဖြစ်ပွားနေပြီး လွန်ခဲ့သော ၆လခန့်ကလည်း အန်ဒရာပရာဒက်ရှ်ပြည်နယ်၌ မီးရထားလမ်းချော်မှုကြောင့် ၃၉ဦးသေဆုံးခဲ့ကာ ၅၀ခန့် ဒဏ်ရာရရှိခဲ့သည်။

၆၅၀၀၀ ကီလိုမီတာ ခန့်ရှည်လျားသော အိန္ဒိယနိုင်ငံ၏ မီးရထားလမ်းသည် အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်တို့ပြီးနောက်တွင် ကမ္ဘာပေါ်၌လေးခုမြောက် အရှည်လျားဆုံး မီးရထားလမ်းဖြစ်ပြီး ၀န်ထမ်းပေါင်း ၁.၃ သန်းနှင့် ရထားပေါင်း ၁၂၅၀၀ ခန့်ရှိကာ ခရီးသည်ပေါင်း ၂၃သန်းခန့်ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly