တောင်အာရှ ရေကြီးမှုများတွင် သေဆုံးသူ ၆၀၀ နီးပါးအထိ ရှိလာပြီး သန်းပေါင်းများစွာ ရေဘေးကြံုနေ

တောင်အာရှ ရေကြီးမှုများတွင် သေဆုံးသူ ၆၀၀ နီးပါးအထိ ရှိလာပြီး သန်းပေါင်းများစွာ ရေဘေးကြံုနေ

နယူးဒေလီ၊ သြဂုတ် ၁၉ ။           ။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည့် တောင်အာရှဒေသ မုတ်သုံရာသီ ရေကြီးရေလွှမ်းမှုဘေးတွင် ပြည်သူသန်းပေါင်းများစွာ ရေဘေး ရင်ဆိုင်ကြံုတွေ့နေပြီး သေဆုံးသူ ဦးရေ ၆၀၀ နီးပါး ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

မိုးသည်းထန်၍ ကျေးရွာ ရာပေါင်းများစွာ ရေကြီးမှုဘေး ရင်ဆိုင်နေရသော အိန္ဒိယ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်က ခရိုင်နှစ်ခုသို့ စစ်တပ်အကူအညီ စေလွှတ်နိုင်ရေး အာဏာပိုင်များက ကြိုးစားနေသည်။

ပြည်နယ်၏ ခရိုင် ရ၅ ခရိုင်တွင် ရေဘေးကြံုနေသော ခရိုင် ၃၃ ခရိုင်ရှိပြီး လူ ၅၅ ဦး သေဆုံးသည်။

ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားရသူ တစ်သိန်းနီးပါးရှိကာ ရေကြီးရေလွှမ်းမှုဘေးကို ပြည်နယ်အတွင်း လူနှစ်သန်းနီးပါး ရင်ဆိုင်နေရသည်ဟု အာဏာပိုင်များက ခန့်မှန်းသည်။

ဘီဟာပြည်နယ်အတွင်း သေဆုံးသူက ၁၅၃ ဦးရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ပြည်နယ်တွင် အဆိုးဆုံးဖြစ်သည့် ယခုရေဘေးတွင် ပြည်သူ လေးသိန်းနီးပါး ယာယီခိုလှုံရေးရှက်တာများသို့ ပြောင်းရွှေ့နေကြရကာ ပြည်သူ ဆယ်သန်းခန့်မှာ ရေဘေး ရင်ဆိုင်ကြံုတွေ့နေရသည်။

"ပြည်နယ်မှာ ရေဘေးဒုက္ခသည်တွေအတွက် ယာယီစခန်းပေါင်း ၁၃၀၀ လောက် ဖွင့်ထားရပါတယ်။"ဟု သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

ဘီဟာနှင့် ဥတာပရာဒေ့ရှ် ပြည်နယ်နှစ်ခုစလုံးနှင့် နယ်မြေချင်း ထိစပ်နေသော နီပေါနိုင်ငံတွင် ယခုသီတင်းပတ်အစောပိုင်းမှစ၍ ဖြစ်ပေါ်ခဲ့သော ရေကြီးမှုဘေးများတွင် သေဆုံးသူ ၁၂၃ ဦး ရှိထားသည်။ နိုင်ငံ၏ ပြည်သူ ၂၀ ရာခိုင်နှုန်း ရေဘေးကြံုနေရခြင်း ဖြစ်သည်။

အိန္ဒိယ အာသံပြည်နယ်မှာ လေးလအတွင်း ရေကြီးမှုဘေး ဒုတိယအကြိမ် ကြံုတွေ့ခြင်း ဖြစ်ပြီး လူ ၆၀ အနည်းဆုံး သေဆုံးကြောင်း သိရသည်။ ပြည်သူ လေးသိန်းခွဲနီးပါးမှာ ယာယီခိုလှုံရေးစခန်းများသို့ ရောက်နေသည်။

အနောက်ဘန်ဂေါပြည်နယ်တွင် မိုးစဲလာခဲ့ပြီဖြစ်၍ ရေပြန်ကျနေပြီဟု အာဏာပိုင်များက ဆိုသည်။ ယင်းပြည်နယ်အတွင်း သေဆုံးသူ ၅၂ ဦး ရှိကာ ရေဘေးဒုက္ခ ကြံုနေသူပေါင်း တစ်သန်းထက် ကျော်သည်။

အိမ်နီချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေကြီးမှုဘေးတွင် အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး ခြောက်သန်းကျော်က ရေးဘေးဒုက္ခ ကြံုတွေ့နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly