မန္တလေးတွင် ကြက်ဥကြက်သား စျေးရောင်းပွဲတော် ပြုလုပ်ရောင်းချပေးနေ

မန္တလေးတွင် ကြက်ဥကြက်သား စျေးရောင်းပွဲတော် ပြုလုပ်ရောင်းချပေးနေ

ကြက်ဥ၊ ကြက်သား လက်လီစျေးမြင့်တက်နေမှုအား ထိန်းချုပ်နိုင်ရန် နှင့် ဝယ်လိုအား မြင့်တက်စေရန် ကြက်ဥကြက်သား စျေးရောင်းပွဲတော်ကို ယနေ့ သြဂုတ်လ ၁၉ရက် မှ ၂၀ ရက်နေ့အထိ၊ နံနက်(၈)နာရီ မှ ည(၈)နာရီအကြား  မန္တလေးမြို့ လူထုဟစ်တိုင်ကွင်း (မနော်ရမံကွင်း)တွင် ကျင်းပ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ပိဿာဝယ်လျှင် တစ်ပိဿာလက်ဆောင်ပေးမည့် အစီအစဉ်လည်း အဆိုပါပွဲတော်တွင် ပါ၀င်ကြောင်း သိရသည်။

'' H1N1 ကို ကြောက်လို့  ကြက်ကို မစားကြတော့ဘူး၊ ကြက်သားစားလို့ H1N1 မဖြစ်ပါဘူး၊ ခြံဖမ်းစျေးမှာ တစ်ပိသာ ၁၆၀၀ လောက်ပဲ ရှိပေမယ် စျေးကွက်ထဲမှာ တစ်ပိဿာ ၄၅၀၀၊ ၅၀၀၀ ရောင်းချနေကြတယ်၊ လက်လီစျေးမြင့်တက်နေမှုအား ထိန်းချုပ်နိုင်ရန် နှင့် ဝယ်လိုအား မြင့်တက်စေရန် ကြက်ဥကြက်သား စျေးရောင်းပွဲတော် ပြုလုပ်တာပါ၊ တစ်ပိဿာကို ၃၅၀၀ကျပ်နဲ့ ရောင်းချပေးမှာပါ၊ နှစ်ပိဿာ ဝယ်ရင် တစ်ပိဿာ လက်ဆောင်ပေးသွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

မန္တလေးကြက်သားစျေးကွက်တွင် ကောလဟလသတင်းများ နှင့် ခြံဖမ်းစျေးထက် တစ်ဆင့်ရောင်းချသူများ၏ စျေးမြှင့်ရောင်းချနေမှုကြောင့် မန္တလေးကြက်သားစျေးကွက်သည် (၁၀)နှစ်တာ ကာလအတွင်း အဆိုးဝါးဆုံး စျေးကွက်ကျဆင်းမှု ဖြစ်ခဲ့သည်။

အဆိုပါ စျေးရောင်းပွဲတော်တွင် ကြက်သားတစ်ပိဿာ (အမွှေးအူနုတ်) ၃၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ (လည်၊ ခြေ၊ ကလီဇာမပါ) ၃၅၀၀ ကျပ်၊ ကြက်ဥတစ်ပိဿာ(၁၅လုံး) တစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပြီး ကြက်သားနှစ်ပိဿာ ဝယ်ယူသူများအား ကြက်သား တစ်ပိသလက်ဆောင်ပေးလျက်ရှိသည်။

'' မန္တလေးမြို့တွင် ကြက်ဥကြက်သားစျေးရောင်းပွဲတော် ကျင်းပမည့်အပြင် လက်လီစျေးမှာ သင့်တင့်တဲ့ စျေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့ (၁၉)ရက် မှ (၂၆)ရက်ထိ မန္တလေးမြို့ပေါ်က ဆိုင်(၂၀)နီးပါးက စျေးရောင်းပွဲတော်မှာ ရောင်းနေတဲ့ ၃၀၀၀၊ ၃၅၀၀ စျေးတွေနဲ့ ရောင်းချပေးမှာပဲ၊ စျေးရောင်းပွဲတော်မှာ ကြက်သားနှစ်ပိဿာ ဝယ်ရင် တစ်ပိဿာ လက်ဆောင်ပေးတယ်ဆိုပေမယ် ဖော်ပြထားတဲ့ ကြက်သားရောင်းတဲ့ဆိုင်တွေမှာ လက်ဆောင်ရနိုင် မရနိုင်က ရောင်းတဲ့ ဆိုင်အပေါ် မူတည်ပါတယ်၊ ဒါပေမယ့် ကြက်သားတစ်ပိဿာ ၃၅၀၀ နဲ့ တစ်ပတ်ရောင်းချပေးသွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောသည်။

မန္တလေးမြို့တွင် အမေရိကန်ကြက်သား (၂၇လမ်း×၂၈ လမ်းကြား၊ ၈၁လမ်း)၊ မိသားစုကြက်သားဆိုင် (လမ်း၄၀×၄၁လမ်းကြား၊ ၈၂လမ်း)၊ နိုင်ထွန်းကြက်သားဆိုင် (လမ်းသွယ်၁၁ ကုသိုလ်တော်လမ်းနှင့် ဇော်ဂျီလမ်းကြား)၊ မပန်းအိလှိုင် ကြက်ဘဲလက်လီလက်ကားရောင်းဝယ်ရေး (၅၆လမ်းနှင့် အောင်ဆန်း လမ်းထောင့် အောင်ပင်လယ်စျေးအတွင်း)၊ ပိစိကွေး ကြက်သားလက်လီ/လက်ကားရောင်းဝယ်ရေး (၅၁x၅၂လမ်းကြား ဘုရင့်နောင်တံတားထိပ်၊ ၅၆ လမ်း အောင်ပင်လယ်စျေးအတွင်း) စသည့် ကြက်သားအရောင်းဆိုင် (၁၈)ဆိုင်တွင် ကြက်သားတစ်ပိသာ (အမွှေးအူနုတ်) ၃၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ (လည်၊ ခြေ၊ ကလီဇာမပါ) ၃၅၀၀ ကျပ် ဖြင့် (၂၀၁၇)ခုနှစ် သြဂုတ်(၁၉)ရက် မှ (၂၆)ရက်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly