ကမ္ဘာ့အမွေအနှစ် ဟန်လင်း ပျူမြို့ဟောင်း

19 August 2017
ကမ္ဘာ့အမွေအနှစ် ဟန်လင်း ပျူမြို့ဟောင်း
  

မြန်မာနိုင်ငံမှာ အစောဆုံးနေထိုင်ခဲ့ကြသူတွေဟာ ပျူလူမျိုးတွေဖြစ်တဲ့အကြောင်း သမိုင်းဆရာတွေက လေ့လာတွေ့ရှိထားပါတယ်။ ထောင်စုနှစ်တွေကြာခဲ့ပြီဆိုတော့ သမိုင်းအချက်အလက်တွေက မြေလွှာတွေအောက်ထိ တဖြည်းဖြည်း နစ်မြှုပ် ပျောက်ကွယ်နေကြပါတယ်။

  ပျူလူမျိုးတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ စတင် အခြေချနေထိုင်ခဲ့ကြပါတယ်။ မြို့ပြတွေတည်ထောင်ခဲ့ကြပါတယ်။ ကြိုးစားရုန်းကန်ခဲ့ကြပါတယ်။ သူတို့ချန်ထားခဲ့တဲ့ အုတ်ရိုးတွေ၊ အိုးခြမ်းပဲ့တွေ ကျောက်စာတွေနဲ့ အရိုးစုတွေကအစ ကမ္ဘာကြီးရဲ့ ထူးခြားတဲ့အမွွှေနှစ်လို့တောင် သတ်မှတ်ထားခဲ့ကြပါပြီ။

     မန္တလေး ရွှေဘို လမ်းမကြီးရဲ့ အရှေ့ဘက်၊ ရွှေဘိုမြို့နဲ့ ၁၀ မိုင်အကွာလောက်မှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ မူးမြစ်အကြားက မြေပြန့်ဒေသဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်အချိန်က ပေါ်ပေါက်ထွန်းကားခဲ့တဲ့ ဟန်လင်းမြို့ဟောင်းနေရာဖြစ်ပါတယ်။

    ဟန်လင်းမြို့ဟောင်းဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းတမြို့ဖြစ်ပြီး ဘီစီ ၂ ရာစုမှာ အစပြုတည်ဆောက်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိထားပါပြီ။

   မြန်မာနိုင်ငံမှာ တူးဖော်တွေ့ရှိထားတဲ့ အဓိက ပျူမြို့ဟောင်းကြီးသုံးမြို့ရှိပြီး အဲဒီမြို့တွေကတော့ ဟန်လင်း ဗိဿနိုးနဲ့ သရေခေတ္တရာမြို့တွေဖြစ်ကြပါတယ်။ ပျူလူမျိုးတွေဟာ   ကျောက်ခေတ်အလွန် ကြေးခေတ်နဲ့ သံခေတ်တွေကို ဖြန်သန်းလာကြပါတယ်။ တူးဖော်လေ့လာတွေ့ရှိထားတဲ့ ကြေးလက်နက်ပစ္စည်းအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ အစောဆုံးအခြေချနေထိုင်သူ ပျူလူမျိုးတွေဟာ နည်းပညာနဲ့ ယဉ်ကျေးမှုအဆင့်အတန်းတွေ မြင့်မားခဲ့ကြပါတယ်။ အထူးခြားဆုံးကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အစောဆုံးကိုးကွယ်မှု အထောက်အထားတွေကို ပျူမြို့ဟောင်းတွေမှာ လေ့လာတွေ့ရှိရတဲ့ အချက်ဖြစ်ပါတယ်။

          ဟန်လင်းမြို့ဟောင်းဟာ ကျောက်ခတ် ကြေးခေတ်နဲ့ သံခေတ်တွေကို ဖြတ်သန်းတိုးတက်လာတဲ့ နေရာတခုဖြစ်ပါတယ်။ အုပ်စုဖွဲ့နေထိုင်မှုနဲ့အတူ မြို့ပြတည်ထောင်ခဲ့ကြပါတယ်။ အုတ်မြို့ရိုးကြီးတွေ တည်ဆောက်ခဲ့ကြပြီး စားနပ်ရိက္ခာ စိုက်ပျိုးမြေတွေအတွက် ရေသွယ်တူးမြောင်းတွေ တူးဖောက်သွယ်တန်းခဲ့ကြပါတယ်။

ဟန်လင်းမြို့ဟောင်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအပေါ် ရေဒီယိုဓါတ်ကြွနှုန်း တိုင်းတာမှုတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကာလ တည်ဆောက်ခဲ့ကြောင်း သိလာရပါတယ်။ နှစ်တာကြာလကြာခဲ့ပြီးတဲ့နောက် ဟန်လင်းမြို့ဟောင်းနေရာဟာ တူးဖော်ရှာဖွေစရာ အများအပြားလည်း ရှိနေဆဲဖြစ်ပါတယ်။

          ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသ စာရင်းဝင်ပြီးဖြစ်တဲ့ ဟန်လင်း ပျူမြို့ဟောင်းဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု အင်္ဂါရပ်တွေပြည့်စုံနေရာ ဒေသဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုရဲ့ ပထမဆုံး သမိုင်းဝင်မှတ်တမ်းတင်နိုင်ခဲ့ရာ ဒေသအဖြစ်လည်း ပါ၀င်နေပါတယ်။ ဒါ့အပြင် ပျူလူမျိုးတို့ တည်ဆောက်ခဲ့ကြတဲ့ ဆည်မြောင်းတွေ ရေလှောင်တမံနဲ့ ရေကန်တွေက ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။

          မြေစာ မြေမှုန်လေးတွေကို နည်းနည်းချင်း တူးထုတ်ကြရပါတယ်။ သူတို့တူးဆွဲနေတဲ့ မြေသားတွေရဲ့အောက်မှာ ပျူခေတ် လူသားတို့ရဲ့ သမိုင်းကြောင်းတွေက တွေ့ရှိမှုအသစ်တွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင်းရတနာတွေကို တူးဖော်နေကြတာပဲဖြစ်ပါတယ်။

မြေသားအောက်ကို ရောက်နေပြီဖြစ်တဲ့ အုတ်ရိုးတည်ရှိပုံ၊ အုတ်ရိုးရဲ့ လားရာလမ်းကြောင်းနဲ့ ရေသွင်းစနစ်အတွက် ဖွဲ့စည်းတည်ဆောက်ပုံတွေကို လေ့လာနိုင်ဖို့ ရည်ရွယ်တူးဖော်နေကြတာပါ။ ဟန်လင်းမြို့ဟောင်းဟာ အုတ်မြို့ရိုးကာရံထားပါတယ်။ တောင် မြောက် ၂ မိုင်နီးပါးရှည်ပြီး အရှေ့ အနောက် ၁ မိုင်နီးပါးရှိပါတယ်။ အကျယ်အဝန်းက စုစုပေါင်း ဧက ၁၂၀၀ ကျော် ရှိပါတယ်။

          ဟန်လင်းမြို့ဟောင်းဟာ ရွှေဘိုခရိုင် ၀က်လက်မြိုု့နယ်အတွင်းမှာရှိနေတာပါ။ မန္တလေး ရွှေဘိုကားလမ်း စုနိုင်ကွေ့ အရှေ့ဘက် ၁၀ မိုင်ကျော်လောက်မှာ ရှိပါတယ်။ ဟန်လင်းမြို့ဟောင်းဟာ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဒေါင့်တည့်တည့် ၁၁ မိုင်နီးပါးအကွာ မူးမြစ်နဲ့ ဧရာဝတီမြစ်ကြားမှာ တည်ရှိနေပါတယ်။

ရှေးခေတ် ပျူလူမျိုးတို့ နေထိုင်ခဲ့ရာ ဟန်လင်းမြို့ဟောင်းမှာတော့ တူးဖော်တွေ့ရှိထားပြီးဖြစ်တဲ့ သမိုင်းအထောက်အထားတွေ များစွာ ရှိနေပါတယ်။

          ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်တွေသာ စာရင်းဝင်ပြီးဖြစ်တဲ့ ဟန်လင်း ပျူမြို့ဟောင်းဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအင်္ဂါရပ်တွေ ပြည့်စုံနေရာ ဒေသဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသ ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ ပထမဆုံး သမိုင်းဝင် မှတ်တမ်းတင်နိုင်ခဲ့ရာ ဒေသအဖြစ်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ပျူလူမျိုးတို့ တည်ဆောက်ခဲ့ကြတဲ့ ဆည်မြောင်းတွေ ရေလှောင်တမံတွေနဲ့ ရေကန်တွေက ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။

ဟန်လင်းမြို့ဟောင်းမှာရှိနေတဲ့ သချႌုင်းဟောင်းနေရာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တူးဖော်ပြီး သုတေသနပြုထားတာပါ။ အများပြည်သူလာရောက်လေ့လာနိုင်ဖို့ ပြတိုက်အနေနဲ့ ဖွင့်လှစ်ပြသပေးထားပါတယ်။

          မြေအောက် ၁၁ ပေအနက်ထိ ထူးဖော်ထားတဲ့ သချႌုင်းနေရာမှာတော့ အောက်ဆုံးကနေ အပေါ်ထိ ခေတ်အလိုင် အလွှာလိုက် ထူးထူးခြားခြား တွေ့ရှိထားတဲ့နေရာဖြစ်ပါတယ်။

          အခုတွေ့ရှိထားတဲ့ ရှေးခေတ် သချိုင်းနေရာဟာ ကျောက်ချောခေတ်ကစလို့ ပျူခေတ်ကာလအထိ မြှုပ်နှံမှု အထောက်အထားတွေ တစုတဝေးတည်း ရှိနေပါတယ်။ ဒါကြောင့် ကျောက်ချောခေတ်ကစလို့ စဉ်ဆက်မပြတ် လူနေထိုင်မှုရှိတယ်ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေ ရှိနေတဲ့နေရာပါ။

          သချႌုင်းနေရာမှာ ရှိနေတဲ့ ရုပ်အလောင်းတွေရဲ့ အရွယ်အစားဟာဆိုရင် အရပ်အမြင့် ပျမ်းမျှနှုန်း ၅ ပေ ကနေ ၅ ပေခွဲအထိ ရှိကြပါတယ်။ တချို့ဆိုရင် ၆ ပေထိ ရှိတာတွေလည်း ပါ၀င်နေကြပါတယ်။ ရုပ်အလောင်းတွေရဲ့ ဘေးမှာတော့ သူတို့ခေတ်ရဲ့ ဓလေ့အတိုင်း သေသူရဲ့ ပိုင်ဆိုင်မှု အသုံးအဆောင်တွေကို ပူးတွဲပြီး မြှုပ်နှံလေ့ရှိကြပါတယ်။

အခုလေ့လာခဲ့တာကတော့ တူးဖော်ခဲ့တာ အောက်ပိုင်းအနက် ၁၆ ပေအနက်ထိကို တူးဖော်ခဲ့ပါတယ်။ ဒီလို တူးဖော်ခဲ့တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကနေပြီး နှစ်ပေါင်း ၂၀၀၀ အထိ သချႌုင်းဟောင်း မြေနေရာအဖြစ် အသုံးပြုခဲ့တဲ့ နေရာလို့ သိခဲ့ရပါတယ်။ ဟို့အောက်ဆုံးမှာဆိုရင် ကျောက်ခေတ်၊ ပြီးတော့ ကြေးခေတ်၊ သံခေတ်၊ နောက်ဆုံး ပျူခေတ်အထိ ဒီနေရာကို ရုပ်အလောင်း မြှုပ်နှံ့တဲ့နေရာအဖြစ် သုံးခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းတွေအပြင်ကို ခေတ်အဆက်ဆက်ရဲ့ အကြွင်းအကျန် ပစ္စည်းတွေကိုလည်း တစ်ပါတည်း မြှုပ်နှံ့ထားတာကို တွေ့ရတယ်။

          အခုတော့ ဟန်လင်းမြို့ဟောင်း မြို့ပြခေတ်နဲ့ သက်ဆိုင်တဲ့ မြို့ဝင်ပေါက်နေရာကို သွားကြမှာပါ။

ဒီနေရာက ကမ္ဘာ့အမွေအနှစ် အထိိမ်းအမှတ်ကျောက်တိုင်ကြီးနဲ့ ဂုဏ်ယူစရာကောင်းလောက်အောင် ခန့်ညားလှတဲ့နေရာဖြစ်ပါတယ်။ ဟန်လင်းမြို့ဟောင်းဟာ ၂၀၁၄ ခုနှစ်ကစလို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုရဲ့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီနေရာ ဒီဒေသဟာ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ တန်ဖိုးထားရမယ့် အမွေအနှစ်တွေ တည်ရှိနေတဲ့ နေရာပါ။ မြန်မာနိုင်ငံမှာ ဟန်လင်း အပါအဝင် ဗိဿနိုးနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်း ၃ မြို့စလုံး ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီးဖြစ်ပါတယ်။

          အဲဒီထဲက ဟန်လင်းမြို့ဟာ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နည်းပညာအထောက်အပံ့တွေ ရရှိနေပါပြီ။

          ဒီနေရာကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း သုံးမြို့ထဲက ဟန်လင်းမြို့ရဲ့ မြို့ရိုးနေရာဖြစ်ပါတယ်။ ဒီမြို့ရိုးတွေဟာဆိုရင် အပြင်ဖက်ကို အဝကျယ်ပြီးတော့ မြို့တွင်းဘက်ကို အဖျားရှူးသွားတဲ့ ပုံစံတွေနဲ့ တည်ဆောက်ထားခဲ့ကြပါတယ်။ ဒီနေရာမှာလည်း အဲဒီခေတ်က အဆောက်အဦးတည်ဆောက်တဲ့ ဗိသုကာလက်ရာတွေ နည်းပညာတွေကို အများကြီး လေ့လာနိုင်ပါတယ်။ ပြီးတော့ ဒီနေရာက ဟန်လင်းမြို့ရဲ့ မြို့ရိုးဝင်ပေါက် ရ ပေါက်ရှိတဲ့အထဲက အရှေ့တောင်ဘက်မှာရှိတဲ့ မြို့ရိုးပေါက်ရှိပါတယ်။

ဒီနေရာက ထူးခြားတဲ့ မြင်ကွင်းအလှတွေ ခံစားရမယ့် နေရာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ လေ့လာစရာ သမိုင်းကြောင်းတွေရှိနေပါတယ်။ သမိုင်းမတင်မီခေတ်ရဲ့ လူနေထိုင်မှုအကြောင်းတွေကို ကျမတို့ မြင်ယောင်ခံစားကြည့်နိုင်မယ့် နေရာဖြစ်ပါတယ်။

          ဟန်လင်းမြို့ဟောင်းကို ၁၉၀၅ ခုနှစ်ကစလို့ ကွင်းဆင်းလေ့လာတူးဖော်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ မြို့ရိုး၊ မြို့ဝင်ပေါက်တွေ၊ လူနေမှုနဲ့ ဓလေ့ထုံးတမ်းအဆောက်အဦးတွေ အခိုင်အခန့် တည်ဆောက်ထားခဲ့ကြတဲ့အတွက် ဗိသုကာပညာ တက်ကျွမ်းတဲ့ ပျူလူမျိုးတွေ နေထိုင်ခဲ့တဲ့အကြောင်း သိလာကြပါတယ်။

          ဟန်လင်းမြို့ဟောင်းတည်ရှိရာဒေသဟာ ကျောက်ခေတ်၊ ကြေးခေတ်နဲ့ သံခေတ်အထောက်အထားတွေပါ တွေ့ရှိထားတာကြောင့် ဘယ်အချိန်ကတည်းက လူနေထိုင်မှု စတင်ခဲ့သလဲဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။ ဒါပေမယ့် မြန်မာ့မြေပေါ်မှာတော့ ပထမဆုံး မြို့ပြတည်ထောင် နေထိုင်ခဲ့ကြတဲ့ လူနေထိုင်မှု သမိုင်းအဖြစ် ရှိနေပါတယ်။

 

Mizzima Weekly