မလေးရှားနှင့်ပွဲတွင် အရန်များနှင့်ကစားမည်မဟုတ်ဟု ဂတ်ဇီဆီပြော

မလေးရှားနှင့်ပွဲတွင် အရန်များနှင့်ကစားမည်မဟုတ်ဟု ဂတ်ဇီဆီပြော

သြဂုတ် ၁၉၊ ကွာလာလမ်ပူ။              ။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီးဖြစ်သော်လည်း မလေးရှားနှင့်ပွဲတွင် လူစာရင်းအပြောင်းအလဲများစွာ ပြုလုပ်မည် မဟုတ်ဘဲ အုပ်စုဗိုလ်နေရာကိုလည်း နည်းပြဂတ်ဇီဆီက ပစ်မှတ်ထားနေသည်။

မြန်မာယူ ၂၂ အသင်းသည် အုပ်စု (က) တွင် စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်းတို့ကိုဆက်တိုက်အနိုင်ရပြီးနောက် ဆီမီးအဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အသင်းအနေဖြင့်ဖိအားကင်းသွားပြီဖြစ်သော်လည်း ခြေစွမ်းအရှိန်ကိုဆက်လက်ထိန်းထားချင်သောကြောင့် တနင်္လာနေ့ မလေးရှားနှင့်ပွဲတွင်လည်း အဓိက ကစားသမားများကိုပင် ဂတ်ဇီဆီကဆက်လက်အသုံးပြုလိုနေခြင်းဖြစ်သည်။

“အသင်းကို အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းက အချိတ်အဆက်ကောင်းကောင်းမိ နေတဲ့အပြင် အရန်ကစားသမားအများကြီးလည်းမသုံးချင်လို့ပါ။ အရန်အင်အားကောင်းကောင်းမရှိတာလည်း ပါတာပေါ့။

အရန်ရှစ်ယောက်စလုံးကိုပွဲစကတည်းကသုံးလို့မရဘဲ လူစားပဲလဲလို့ရပါမယ်။ ဒီပွဲက အုပ်စုပထမ၊ ဒုတိယနေရာအတွက် ဆုံးဖြတ်မယ့်အရေးကြီးပွဲတစ်ပွဲပါ။ တောင့်တင်းတဲ့လူစာရင်းနဲ့ပဲ ပွဲထွက်လာမှာပါ။

မလေးရှားအသင်းက အရန်တွေနဲ့ရင်ဆိုင်ရမယ့်အသင်းမဟုတ်ဘဲ ပြိုင်ဘက်ကောင်းနဲ့ထိုက်တန်ပါတယ်။ မတူတာတစ်ခုကတော့ ကျွန်တော်တို့မှာ ဖိအားကင်းနေပါတယ်။ မဖြစ်မနေလုပ်မှဖြစ်မယ်ဆိုတာမျိုးမရှိတော့ဘဲ ကျွန်တော်အပါအဝင်တစ်သင်းလုံး ပေါ့ပါး နေပါတယ်”ဟု ဘရူနိုင်းကိုအနိုင်ရပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ဂတ်ဇီဆီက ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly