စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၃)

စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၃)

မှတ်ဉာဏ် ချို့ယွင်းတာတွေ၊ သတိမေ့တတ်တာနဲ့ ပတ်သက်ပြီး 4R Health Talk ကျန်းမာရေးရာအဖြေရှာ အစီအစဉ်ကနေ အထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနဲ့ မေးမြန်းထားတာတွေကိုအပိုင်း (၃) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးလိုက်ပါတယ်။

မဇ္စျိမ - အသက် ရ၀၊ ၈၀၊ ၉၀ အရွယ် မေ့တတ်တဲ့ မိဘတွေ၊ သက်ကြီးရွယ်အိုတွေကို ဘယ်လိုပြုမူဖေးမသင့်ပါသလဲ ဆရာကြီး။

Prof: Sai- ဒီလိုရောဂါတွေကိုကုထုံးတော့ မရှိပါဘူး။ ဒါပေမယ့် ဆေးဝါးတချို့ကိတော့ ရောဂါကိုသက်သာစေပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ လူနာပေါ်မူတည်ပြီးဆေးဝါးပေးဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သူတို့ကို ပြုစုတဲ့နေရာမှာအရေးကြီးပါတယ်။ ရောဂါသည်များကို ပြုစုတဲ့နေရာမှာမိသားစုများကိုစိတ်ရှည် သည်းခံခွင့်လွှတ်တတ်ဖို့ လိုပါတယ်။ ရောဂါခံစားနေရတဲ့ လူနာကို လုံလောက်တဲ့ ချစ်ခင်မြတ်နိုးမှု ပေးဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ပြုစုစောင့်ရှောက်သူ တစ်ယောက်အနေနဲ့ သူချစ်တဲ့ ဝေဒနာသည် တစ်ယောက်ဟာမှန်ကန်တဲ့   ပြုစုစောင့်ရှောက်မှု   ပေးဖို့ သူကိုယ်တိုင်လည်းဂရုစိုက်ဖို့ လိုပါတယ်။ လူနာကိုဆက်တိုက် ပြုစုစောင့်ရှောက်စရာမလိုဘဲအနားပေးဖို့ လိုပါတယ်။ တစ်ချိန်လုံးထိုင်ကြည့်နေစရာ၊ လုပ်ပေးနေစရာမလိုဘူး။ အနားပေးဖို့လည်းလိုပါတယ်။ အိမ်မှာဆိုရင်လည်းတခြားလူတွေရဲ့ အကူအညီကိုယူရပါတယ်။ တစ်ယောက်ထဲဆိုရင်လည်း ပြုစုတဲ့လူရဲ့ အကူအညီကိုယူရပါတယ်။ အိပ်ခြင်း၊ စားခြင်း၊ ကိုယ်ကာယလှုပ်ရှားခြင်းများကို ပုံမှန်   ပြုလုပ်ခိုင်းပါ။ Activities of Daily Living ခေါ်တာပေါ့။ ဥပမာ၊ မနက်အိပ်ယာထမယ်၊ အပေါ့သွားမယ်၊ အိမ်သာတက်မယ်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ အဝတ်လဲ၊ မုန့်စားအဲ့တာတွေကို သူ့ဟာသူလုပ်ဖို့ အားပေးပါ။ ဘုရားရှိခိုးခိုင်းပါ။ ဘုရားစာတွေ ရွတ်ခိုင်းပါ။ မေ့သွားတယ်ဆိုဘုရားစာအုပ်တွေ ကြည့်ပြီးရွတ်ခိုင်းပါ။ ကြာရင် မေ့သွားတယ်လေ။

မဇ္စျိမ - ပရိသတ်တစ်ယောက်ကမေးလာပါတယ် ခင်ဗျ။ ဆရာကြီးပြောတဲ့ အထဲမှာဗီတာမင်တွေ များများစားရမယ် ဆိုတော့ ဆေးဝါးဖြစ်ဖြစ်၊ အသီးအနှံပဲဖြစ်ဖြစ် အကြံပေးပါလို့ မေးထားပါတယ် ခင်ဗျ။

Prof: Sai - ဆေးတွေကတော့ အများကြီးရှိပါတယ်။ Multi-Vitamins တွေ အများကြီးရှိတာပဲ။ ကိုယ်နဲ့ အဆင်ပြေတာကိုသောက်လို့ ရပါတယ်။ အသီးအရွက်၊  အသား၊ ငါး မျှမျှတတစားသင့်တာပေါ့။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ အသက်က ၃၆ နှစ်ရှိပါပြီတဲ့။ လုပ်ရတဲ့ အလုပ်တွေကိုမမေ့ဘဲနဲ့ ကိုယ်မသိတဲ့ English စာလုံးတွေကိုမှတ်ချင်ရင် မမှတ်မိတော့ပါဘူး။ နဂိုကအဲ့လိုမဟုတ်ပါဘူးတဲ့။ ကိန်းဂဏန်းတွေကိုလည်းမှတ်မိဖို့ ခဲယင်းနေပါတယ် တဲ့။

Prof: Sai - သူ့အတွက်ကတော့ ဆေးဝါးကူဖို့ မလိုသေးပါဘူး။ အသက်ကငယ်သေးတာပဲ။ မမှတ်မိသေးရင် ထပ်ကာတလဲလဲ ပြန်ကြည့်ပေါ့။

မဇ္စျိမ - ဟုတ်ကဲ့ပါ ဆရာကြီး။ မှတ်ဉာဏ်နဲ့ ပတ်သက်ပြီးဗဟုသုတ ဖြန့်ဝေပေးချင်တာရှိရင် ပြောပေးပါဦးခင်ဗျ။

Prof: Sai - အခုလူငယ်တွေကအရက်သောက်တယ်၊ ကွမ်းစားတယ်။ ဒါတွေကနောင်တစ်ချိန် ကြီးလာရင် ဒုက္ခပေးလာမှာလေဒါတွေကိုတော့ သတိချပ်စေချင်ပါတယ်။ အခုသောက် အခုဖြစ်တာတော့ မဟုတ်ဘူးပေါ့။

မဇ္စျိမ - ဆရာခင်ဗျားအခု mizzima facebookကနေ တိုက်ရိုက် မေးမြန်းလာတာကတော့ အရမ်းစိတ်ညစ်ရတဲ့ ကာလတစ်ခုမှာ အဲ့ဒီကာလအတွင်းက လူတွေ အကြောင်းအရာတွေကို မမေ့သင့်ဘဲတချိန်မှာ ပြန်စဉ်းစားတာကို မမှတ်မိတော့တာ ဘာလို့ပါလဲခင်ဗျာတဲ့။ စိတ်ဖိအားများခဲ့လို့လား ခင်ဗျာတဲ့။

Prof: Sai - စိတ်ဖိစီးမှုများလို့ပါ။ ကာကွယ်ဖို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။ တချို့ကလည်းခံနိုင်ရည် ရှိတယ်။ တချို့ကလည်းခံနိုင်ရည်မရှိဘူး။ လူတွေ တော်တော်များများကအကြောင်းအရာကြီး ၄ ခုပေါ်မှာပဲစိတ်ထိခိုက်ကြတာလေ။ စီးပွားရေး၊ လူမှုရေး၊ ဂုဏ်သိက္ခာနဲ့ ကျန်းမာရေးပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဥပမာဆိုလူတစ်ယောက်ကဆီးချို၊ သွေးတိုးရှိနေပြီဆိုတာနဲ့ စိတ်ဓါတ်အကြီးအကျယ် သွားတာပေါ့။ တချို့ကျတော့လည်း ကင်ဆာရှိနေပြီ သိရဲ့သားနဲ့ ဘာမှမဖြစ်သလိုပေါ့။ တချို့ကျတော့လည်းအိမ်မီးလောင်ပြီ ၊ စီးပွားရေးဆုံးရှံုးသွားပြီ ဆိုတာလည်း ဘာမှ မဖြစ်ဘူး။ တချို့ကျတော့်လည်းလင်ကွဲ၊ မယားကွဲ၊ ရည်းစားကွဲတာနဲ့ စိတ်ထိခိုက်တာလည်းရှိတယ်။ တချို့ကျတော့လည်းတစ်ယောက်ပြီးတစ်ယောက် အေးအေးဆေးဆေးပဲ။ တချို့ဌာနတွေမှာဌာနဆိုင်ရာတွေ အရေးယူတော့မယ်ဆိုမှ သတ်သေသွားတာတွေ  ရှိတယ်။ တစ်ယောက်နဲ့ မတူဘူး။ ခံယူချက်နဲ့ စိတ်ဓါတ်ခိုင်မာတာနဲ့ ဆိုင်တယ်။

မဇ္စျိမ - နောက်တစ်ယောက်ကအမေကအသက် ၈၃ နှစ်ရှိပြီတဲ့။ ကျနော့်အမျိုးသမီးကိုသူ့ပစ္စည်းတွေ ယူတယ်လို့ သံသယဝင်နေပါတယ်။ နှုတ်ကလည်းပြောပါတယ်။ ဘယ်လိုလုပ်ရပါမလဲတဲ့။

Prof: Sai - သူငယ်ပြန်တဲ့ လက္ခဏာပါပဲ။ သူငယ်ပြန်တဲ့လူတွေကသူတို့ပစ္စည်းတွေ သူတို့ ဖွက်လေ့ရှိပါတယ်။ ပြီးတော့မှ သူတို့ဖွက်မိမှန်းသူတို့ မမှတ်မိတော့ ဟိုလူခိုးတယ်၊ ဒီလူခိုးတယ်နဲ့  စွပ်စွဲတတ်ပါတယ်။ အိမ်ဖော်တွေ ရှိရင် အိမ်ဖော်တွေကအခံရဆုံးပေါ့။ အိမ်ဖော်မဟုတ်လည်းချွေးမတို့ ဘာတို့ပေါ့။ သူငယ်ပြန်တဲ့ လူတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ သေသေချာချာလေးကုသဖို့ လိုပါတယ်။ သောက်ဆေးတွေ၊ ထိုးဆေးတွေ ရှိပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ မေးထားတာပါ ခင်ဗျ။ စားနဲ့ အချိုမှုန့်တွေကမှတ်ဉာဏ်ကိုထိုင်းစေပါသလားခင်ဗျ။ ဆရာကြီးကတော့ အငန်တွေကိုစားရင် မှတ်ဉာဏ်ကိုထိုင်းစေတယ်လို့ ပြောထားပါတယ်။ အချိုမှုန့်ကကောခင်ဗျ။

Prof: Sai - အချိုမှုန့်တို့ ဆားတို့ကသွေးတိုးတို့ ဆီးချိုတို့ကို ဖြစ်စေတယ်လေ။ အဲ့ဒီကနေတဆင့် ဦးဏှောက်သွေးကြောတွေ သွားထိခိုက်စေတာပေါ့။ တိုက်ရိုက်ထိခိုက်တာတော့ မဟုတ်ဘူး။ သူကနေသွေးတိုး၊ ဆီးချိုကို ဖြစ်စေတယ်။ အဲ့ဒီကနေတဆင့် မှတ်ဉာဏ်ကိုထိခိုက်စေတယ်။

မဇ္စျိမ -နောက်တစ်ယောက်ကတော့ အသက် ၄၀ နားကပ်နေတဲ့ အစ်မတစ်ယောက်က စိတ်တိုတိုနေတတ်တာ ဘာကြောင့်ပါလဲတဲ့ သွေးသားနဲ့များဆိုင်ပါသလားတဲ့။

Prof: Sai - သွေးမဆုံးခင် ဖြစ်တဲ့ လက္ခဏာနဲ့တော့ တူပါတယ်။ တချို့က စောပြီးဆုံးတယ်။ တချို့က နောက်ကျပြီးမှ ဆုံးတယ်။ အသက်ကလည်း ၄၀ ဆိုတော့ သွေးဆုံးရင် ဖြစ်တဲ့ လက္ခဏာနဲ့ တူပါတယ်။

မဇ္စျိမ -ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျ။

4R Health Talk ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေအထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနဲ့ မေးမြန်းထားတာတွေကိုအပိုင်း (၃) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးလိုက် ပါတယ်။ နောက်နေ့တွေမှာလည်း အပိုင်း (၄) ကို ဆက်လက်ကြည့်ရှု့နိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း (၁) အားအောက်ပါတွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/30814

အပိုင်း (၂) အားအောက်ပါတွင် ကြည့်နိုင်ပါသည်- http://www.mizzimaburmese.com/article/30865

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly