တရုတ် မှုခင်းစာရေးဆရာတစ်ဦး လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ကျူးလွန်ထားခဲ့တဲ့ လူသတ်မှုအတွက် ဖမ်းဆီးခံရ

တရုတ် မှုခင်းစာရေးဆရာတစ်ဦး လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ကျူးလွန်ထားခဲ့တဲ့ လူသတ်မှုအတွက် ဖမ်းဆီးခံရ

သြဂုတ် ၁၉ ။               ။ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်တုန်းက လူသတ်မှုကျူးလွန်ထားခဲ့တဲ့ တရုတ်နိုင်ငံက ဆုရ မှုခင်း စာရေးဆရာတစ်ဦးကို ယခုအချိန်ကျမှ ရဲတွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၃ နှစ်အရွယ် လျူ ယုံးဗြောင် ဆိုသူ နာမည်ရ စာရေးဆရာကို အန်ဟွေ ပြည်နယ်မှာရှိတဲ့ ၎င်းရဲ့ နေအိမ်မှာပဲ ရဲတွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။  ၎င်းနဲ့ အခြားအမျိုးသားတစ်ဦးတို့ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်တုန်းက လူလေးဦးကို သတ်ဖြတ်ထားခဲ့ကြတဲ့ လူသတ်တရားခံတွေဖြစ်ကြတယ်လို့ ရဲက ထုတ်ဖော်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၂ နှစ်တုန်းက တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်အရှေ့ပိုင်းက တည်းခိုခန်းတစ်ခုမှာ လူလေးဦး အသတ်ခံခဲ့ရတဲ့အမှုမှာ လက်သည်တရားခံတွေကို ရဲတပ်ဖွဲ့က ဘယ်လိုမှ စုံစမ်းဖော်ထုတ်မရခဲ့ဘဲ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

ဆယ်စုနှစ်နှစ်စုကြာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ယခုလအစောပိုင်းကျမှပဲ တကယ့်တရားခံတွေဟာ ဆုရ မှုခင်းဆရာ ယုံးဗြောင်နဲ့ ၀မ် အမည်အရ အမျိုးသားတစ်ဦးတို့   ဖြစ်နေကြတာကို   ဖော်ထုတ်သိရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါမှာ လူလေးယောက်ကို သတ်ဖြတ်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာကိုလည်း တရားခံတွေက ထုတ်ဖော်ဝန်ခံထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ညနေခင်းတစ်ခုတုန်းက ဇီကျန်းပြည်နယ် ဟူကျိုးမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းတစ်ခုကို အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဓားပြတိုက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ တည်းခိုခန်းပိုင်ရှင် လင်မယားနှစ်ယောက်၊ ၎င်းတို့ရဲ့ မြေးလေးနဲ့ အခြားဧည့်သည်တစ်ဦး စုစုပေါင်းလေးဦးကို အဆိုပါ ဓားပြအမျိုးသားနှစ်ဦးက သတ်ဖြတ်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်းအချိန်က မှုခင်းနည်းပညာပိုင်းမှာ အားနည်းနေခဲ့ခြင်းကြောင့် တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုအခါကျမှ DNA စစ်ဆေးချက်တွေနဲ့အတူ တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly