အမျိုးသမီးဆောင်သို့ ဓားကိုင်၍ ညအချိန်ကျူးကျော်ဝင်ရောက်သော လူငယ်တစ်ဦးအား ဖမ်းမိ

အမျိုးသမီးဆောင်သို့ ဓားကိုင်၍ ညအချိန်ကျူးကျော်ဝင်ရောက်သော လူငယ်တစ်ဦးအား ဖမ်းမိ

မိုးညှင်း သြဂုတ်လ ၁၉ ။            ။ မိုးညှင်းဒီဂရီကောလိပ် အမျိုးသမီးဆောင်တစ်ခုဖြစ်သည့် စံပယ်ဆောင်အနားသို့  ယမန်နေ့ သြဂုတ်လ ၁၈ ရက်၊ ည ၈နာရီ ၄၅ မိနစ်အချိန်တွင် ဓားဦးချွန်တစ်ချောင်းကိုင်ဆောင်၍ ကျူးကျော်ဝင်ရောက်လာသည့် လူတစ်ယောက်ကို ဖမ်းမိခဲ့၍ မိုးညှင်းရဲစခန်းသို့ လာရောက်တိုင်တန်းထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ လူငယ်သည် အရိုးအသွား ၁ ပေခန့်ရှိသည့် ဓားဦးချွန်တစ်ချောင်းကိုင်ဆောင်ကာ အဆောင်နောက်ကျောနံရံတွင်ကပ်လျက် တွေ့ရှိခဲ့ကြောင်း ညစောင့်ဝန်ထမ်းများထံက သိရသည်။

မိုးညှင်းဒီဂရီကောလိပ် အင်ဂျင်နီယာမှူး ဦးဇော်ထွေးဦးသည် စံပယ်ဆောင်နောက်ကျောတွင် လူတစ်ယောက် မိထားကြောင်းကို အဆောင်မှူးဖြစ်သူ ဒေါက်တာသန်းသန်းမြင့်၏ ဖုန်းဆက် အကြောင်းကြားချက်အရ သိရှိရ၍ အဆိုပါအဆောင်သို့ လိုက်သွွားကြည့်ရာ ဆယ်ကျော်သက်ရွယ် လူငယ်တစ်ဦးကို ညစောင့်ဝန်ထမ်း ၄ ဦးတို့က ထိန်းသိမ်းထားလျက် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

၎င်းလူငယ်သည် အသက် ၁၄ နှစ်အရွယ်ရှိပြီး ရွာသစ်ကုန်း ( အလက)တွင် ပညာသင်ကြားနေသည့် ၆ တန်းကျောင်းသားတစ်ဦးဖြစ်၍ ထန်းတစ်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မိုးညှင်းဒီဂရီကောလိပ်ဝင်း အမျိုးသမီးအဆောင်သို့ညအချိန် ကျူးကျော်ဝင်ရောက်သူ ရှိုင်းလင်းထွန်း ခေါ်ငါးထောင်အား မိုးညှင်းမြို့မရဲစခန်းက (ပ) ၁၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ဖြင့် အရေးယူထားကြောင်းသိရသည်။

မည်သည့်အကြောင်းကြောင့် ၀င်ရောက်လာကြောင်း မသိရှိရသေးဘဲ လက်ရှိတွင် အမှုစစ်က စစ်ဆေးရန်ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly