ကချင်အမျိုးသားလူမှုဖွံဖြိုးရေးအသင်း၏ လိုင်စင်မဲ့ကားကို ဖမ်းရာမှ ရုတ်ရင်းဆန်ခတ်မှုဖြစ်ဟု ဆို

ကချင်အမျိုးသားလူမှုဖွံဖြိုးရေးအသင်း၏ လိုင်စင်မဲ့ကားကို ဖမ်းရာမှ ရုတ်ရင်းဆန်ခတ်မှုဖြစ်ဟု ဆို
ဓာတ်ပုံ - ဆိုင်းနန်း ( CJ )

ရန်ကုန်၊ သြဂုတ် ၁၉ ။              ။ ကဆုန့်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန်လာသည့် ကချင်လူမှုဖွံဖြိုးရေးအသင်းမှ မောင်းနှင် လာသည့်  လိုင်စင်မဲ့ကားများကို ဖမ်းရာမှ လူရာချီရုတ်ရင်း ဆန်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရသည်ဟု အသင်းပြန်ကြားရေးတာဝန်ခံ ကိုတူးလယ်က ပြောသည်။

လိုင်စင်မဲ့ဖြစ်သဖြင့် ကာမိုင်းရဲစခန်းသို့ လိုက်ပါရန် ကားမောင်းသူတစ်ဦးအားဆွဲခေါ်စဉ် ဒေသခံများက တားဆီးသောကြောင့် ယနေ့ (သြဂုတ် ၁၉) မနက် ၁၀ နာရီခန့်တွင် ရုတ်ရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

သြဂုတ် ၁၂ ရက်နေ့လည်ပိုင်းက ကာမိုင်းကျေးရွာအနီးရှိ ဂိတ်တစ်ခုတွင် အဆိုပါကားများကို တားမြစ်ခံခဲ့ရခြင်း ဖြစ်ကာ သြဂုတ်လ ၁၉ ရက် သတင်းရေးသားသည့် နေ့လည် ၂ နာရီခန့်အထိ ထွက်ခွာခွင့်မရရှိသေးဘဲ ရုတ်ရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။

“ နှစ်ယောက်ကိုတော့ သူတို့ဖမ်းသွားပြီ။ တစ်ယောက်ကတော့ ဆေးရုံရောက်နေတယ် မိန်းကလေး။ ကျွန်တော်တို့ ဒီမှာက ၃၀ ကျော်ရှိတယ်။ ကာမိုင်းမှာလည်း လူမှုဖွံဖြိုးရေးအသင်းတွေရှိတယ်။ အဲ့တော့ ဒီမှာလည်းထပ်အင်အားရှိလာတယ်။  ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှိမယ်။ တခြားရွာသူရွာသားတွေ လည်း ထပ်ပါလာတာပေါ့။ အပြင်မှာ ကားမောင်းတဲ့သူတစ်ယောက်ကိုမြင်တဲ့အခါကျတော့ ခေါ်ဖို့ ဆွဲလိုက်တဲ့အခါမှာ အားလုံးကတား လိုက်တဲ့အခါမှာ ရုတ်ရင်းဆန်ခတ်ဖြစ်လာတာပေါ့ “ ဟု ကိုတူးလယ်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကာမိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကို ဖုန်းဖြင့် အကြိမ်ကြိမ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

ကဆုန့်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် ဖားကန့်ဘက်မှလာသည့် မိုးကောင်းဘက်သို့ လာသည့် ကချင်လူမှုဖွံဖြိုးရေးအသင်းပိုင် လန်ခရူစာကား ၃စီး၊ ပါကျဲရိုးကား ၁ စီးတို့မှာ မှာလိုင်စင်မဲ့ဖြစ်သောကြောင့် ဖမ်းဆီးစဉ် ရုတ်ရင်းဆန်ခတ်မှုတစ်ခုဖြစ်ကပွားခဲ့ခြင်းလည်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ ကဆုန့်စစ်ဘေးရှောင် တစ်ထောင်ကျော်ကို ကူညီထောက်ပံ့ရန်လာရောက်သည့် ဖားကန့်အခြေစိုက် ကချင်အမျိုးသား လူမှု့ဖွံဖြိုးရေးအသင်းမှ ကား ၈ စီးမှ ၄ စီးကို လိုင်စင်မဲ့ကားများ ဖြစ်သောကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်းလည်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဖားကန့်လွှတ်တော်အမတ် တစ်ဦးက “ သူတို့ကလည်း ကဆုန့်စစ်ဘေးရှောင်တွေကို သွားကူညီပေးဖို့သွားတာ ။ အဲ့ဒီမှာ သူတို့ကိုတားဆီးတယ် ဘာ ညာပေါ့ဗျာ။ ကျွန်တော်ကြားရတာက သူတို့ဘက်က ကချင်လူကြီးတွေကိုလည်း လှမ်းမေးကြည့်ပါ တယ်။ အပြောအဆို မပြေပြစ်လို့ရန်တွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကလည်း အဖွဲ့အစည်းယူနီဖောင်းတွေနဲ့ဆိုတော့ ဟိုဘက်ကလည်း မေးတယ်နဲ့တူပါတယ်။ စကားပြောတာ ကနေ ကတောက်ကဆ ဖြစ်ရာကနေစတယ်လို့ပြောပါတယ်။ အခု ၃ ရက်ရှိပြီပေါ့။ အခုတော့ ဆန္ဒပြတဲ့အဆင့် ” ဟု ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်တွင် ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ (လမ်းခွ) RC ကက်သလစ်ဘုရားကျောင်း နှင့် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)သည် လိုအပ်သည့် အခြေခံစာနပ်ရိက္ခာများ နှင့်လူ့အသုံး အဆောင်ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့သည်။

“ သူတို့က ဘာကြောင့် အတားခံရသလဲဆိုတာ စဉ်းစားစရာတော့ရှိတာပေါ့။ ဘာကြောင့်များလဲ ဆိုတာတော့ ကျွန်တော်လည်း တိတိကျကျမသိဘူး။ အတားခံထားရတဲ့အကြောင်းအရင်းက တစ်ဖက်ကလည်း တားတဲ့သူတွေဘက်ကလည်း ခိုင်လုံတဲ့အကြောင်းပြချက်ရှိလို့လား ဆိုတာတော့ ယူဆနေရတာပဲ “ ဟု မိုးကောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က သြဂုတ် ၁၈ ရက်က သုံးသပ်ပြောဆိုထားဘည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly