တောင်ကိုရီးယား LOTTE ဟိုတယ်ကို ရန်ကုန်မှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေ

တောင်ကိုရီးယား LOTTE ဟိုတယ်ကို ရန်ကုန်မှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေ

တောင်ကိုရီးယားနိုင်ငံ LOTTE ကုမ္ပဏီအုပ်စုသည် ၎င်းတို့၏ အာရှတစ်လွှားတွင် အရှိန်အဝါကြီးသော စီးပွားရေး လုပ်ငန်းတစ်ခုကို ထပ်မံဖွင့်လှစ်ပြသရန် ရန်ကုန်မြို့ အင်းလျားကန်နံဘေးရှိ ကြီးမားထည်ဝါလှသည့် ဟိုတယ်နှင့် Serviced Apartments များ ပါ၀င်သော စီးပွားရေးအဆောက်အဦးတစ်ခုကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဂျပန်နိုင်ငံမှာစတင်ခဲ့သည့် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် Shin Kyuk-ho သည် ၁၉၆၇ တွင် တောင်ကိုရီးယားနိုင်ငံတွင် မုန့်နှင့် အစားအသောက် ထုတ်ကုန်မျိုးစုံဖြင့် LOTTE ၏ စီးပွားရေး လုပ်ငန်းများကို ကျယ်ပြန့်စေခဲ့သည်။

ယခုအခါ LOTTE သည် တောင်ကိုရီးယား၏ ပဥ္စမမြောက် အကြီးစားစီးပွားရေးလုပ်ငန်းစုကြီး ဖြစ်လာပြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ခြင်းများ၊ ရေနံနှင့် ဓာတုဗေဒကဏ္ဍ၊ လက်လီလုပ်ငန်းနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုကဏ္ဍစသည်တို့တွင် အားလုံးထက် ကျော်လွန်ကာစျေးကွက် ချဲ့ထွင်ထားသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင်မူ LOTTE သည် မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် စီးပွားရေး မြို့တော်ရန်ကုန်၏ စရိုက်လက္ခဏာကိုထင်မြင်စေမည့် အင်လျားကန်ရေပြင် နံဘေးကဟိုတယ်နှင့် Serviced Apartments များပါ၀င်သော LOTTE အမှတ်တံဆိပ်အဆောက်အဦးသစ်ကြီးကို ဖွင့်လှစ်တော့မည်ဖြစ်သည်။

LOTTE ဟိုတယ်၏ စျေးကွက်ညွှန်ကြားရေးမှူးအရာရှိဖြစ်သူ Mikon က… “မြန်မာဟာအသစ်ပေါ်ထွက်လာတဲ့ စျေးကွက်တစ်ခုဖြစ်တယ်၊ အခွင့်အလမ်းရှိတဲ့ စျေးကွက်မှာ LOTTE က ဒီထက် စောပြီးလာသင့်တယ်” ဟုပြောသည်။

Mikonကဆက်လက်ပြီး “အခုကျွန်မတို့ကဒီမှာအလုံးအရင်းနဲ့ကိုရောက်နေပါပြီ၊ LOTTE ဟိုတယ်နဲ့ Serviced Apartments တွေက ရန်ကုန်ကို လာရောက်လည်ပတ်ကြမယ့် ဧည့်သည့်အစုံအတွက် သူမတူတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ”ဟု အခိုင်အမာ ပြောဆိုထားသည်။

LOTTE ဟိုတယ်မှ ရွှေတိဂုံစေတီတော်ကိုဖူးမြင်နိုင်သလိုဟိုတယ်နှင့် တွဲစပ်နေသောအင်းလျားကန်ရေပြင်သည် တည်းခိုနေထိုင်သူများကိုအကောင်းဆုံးရှုမြင်ကွင်းရသများပေးစွမ်းနိုင်သဖြင့် ဟိုတယ်တည်နေရာကြောင့် ဟိုတယ်အား ရွေးချယ်သူများအတွက် ကျေနပ်မှုများဖြစ်စေသည်။

အစားအသောက်မျိုးစုံဖြင့် အရသာများပေးစွမ်းထားသည့် စားသောက်ဆိုင်ငယ်များနှင့် စားသောက်ခန်းမကြီးများကို လည်းLOTTE ဟိုတယ်က ဖြည့်စွမ်းပေးထားသည်။

ထို့အပြင် LOTTE ဟိုတယ်တွင် ကျယ်ဝန်းစုံလင်သော ကိုယ်ကာယကြံ့ခိုင်ရေးအားကစားခန်းမ၊ ဟိုတယ်အတွင်းအပြင် ရေကူးကန်များ၊ ကလေးများအတွက် ရေချိုးကန်များ၊ ရေနွေးချိုးခန်းများစသည်တို့ကိုလည်း ဖြည့်စွမ်းပေးထားသည်။

“LOTTE က မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍမှာအကြီးဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲကတစ်ခုဖြစ်လာတယ်၊ ဒါကရန်ကုန်ဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာ တယ်ဆိုတာသက်သေပဲလေ ”ဟုဒေသတွင်းလေ့လာဆန်း စစ်သူဖြစ်သော SubirBhaumik က ဆိုသည်။

ဆက်လက်ပြီး ပြည်တွင်းရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူတေဇာကျော်က “အဆောက်အဦးကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီးတည်ဆောက်ထားတဲ့ ပုံစံရောတည်ရှိနေတဲ့   နေရာက အရမ်းကို   ကောင်းမွန်ပါတယ်၊ လက်တွေ့လာပြီးခံစားကြည့်ပါ။ ဟိုတယ်ရဲ့ ဧည့်ခန်းဆောင်ကြီးဟာဆိုရင်လည်း ကြီးမားပြီး အဆုံးမရှိသလိုခံစားရတယ်”

အထပ် ၁၃ထပ်ပါရှိပြီး Presidential Suite တစ်ခုနှင့် Royal Suite တစ်ခုတို့ အပါအဝင် LOTTE တွင် ဧည့်ခန်းပါသော Suites အခန်းကျယ်ပေါင်း ၃၀ လည်းရှိသည်။

ထို့အပြင် အခန်းပုံစံ ၅ မျိုးဖြင့် LOTTE တွင် အခန်းပေါင်း ၃၄၃ ခန်းဖြင့် ဖွဲ့စည်းထားသေးသည်။

LOTTE ဟိုတယ်နှင့် အပြိုင်တွင် LOTTE Serviced Apartments အဆောက်အဦးလည်းရှိရာ ၎င်းတွင်အခန်းပေါင်း ၃၁၅ ခန်းရှိသည်။

LOTTE Serviced Apartments ၏ ၀န်ဆောင်မှုများနှင့် ပတ်သတ်ပြီး “ဒီ Serviced Apartments တွေမှာနေထိုင်သူတွေဟာဆိုရင်လည်းကိုယ်ကာယကြံ့ခိုင်ရေးခန်းမနဲ့ ရေကူး ကန်စတာတွေကိုဟိုတယ်အတိုင်းရယူသုံးစွဲနို်င်မှာဖြစ်ပါတယ်” ဟု Mikon က ဖြည့်စွပ်ပြောဆိုထားသည်။

“မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသည်ဝင်ရောက်မှုနှင့် နိုင်ငံတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှုတို့သည် တောင်ကိုရီးယားLOTTE ဟိုတယ်နှင့် Serviced Apartments ၏ အခွင့်အလမ်းများကို ဆက်လက်ဆုပ်ကိုင်ရန် နောက်မကျသေးပေ” ဟုဒေသတွင်းဆန်းစစ်လေ့လာသူ SubirBhaumik က သုံးသပ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly