ဆန္ဒပြမှုများဖြင့် တစ်ဖန်ဆူပွက်လာပြန်သည့် ဖာဂူဆန်မြို့တွင် အရေးပေါ် အခြေအနေကြေညာ

ဆန္ဒပြမှုများဖြင့် တစ်ဖန်ဆူပွက်လာပြန်သည့် ဖာဂူဆန်မြို့တွင် အရေးပေါ် အခြေအနေကြေညာ

ဖာဂူဆန်၊ သြဂုတ် - ၁၁ ။       ။ လူမည်းဆယ်ကျော်သက် မိုက်ကယ် ဘရောင်းသေဆုံးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ဆန့်ကျင်ဆန္ဒပြမှုများကြားတွင်ပင် အမေရိကန်ပြည်ထောင်စု၏ ဖာဂူဆန်မြို့တွင် အရေးပေါ်အခြေအနေ ညေညာလိုက်သည်။

သြဂုတ်လ ၁၀ရက်နေ့က ရဲများနှင့် အပြန်အလှန်ပစ်ခတ်ရင်း နောက်ထပ် လူမည်းဆယ်ကျော်သက်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသောကြောင့် မြို့၏အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ၁၈နှစ်အရွယ် တိုင်ရုန်း ဟားရစ်ကို ရဲအရာရှိများကို တိုက်ခိုက်မှုဖြင့် တရားစွဲထားသည်။ မစ်ဇိုရီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေးနစ်ဆင်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြရန်မေတ္တာ ရပ်ခံထားသည်။

၂၀၁၄ခုနှစ် သြဂုတ်လက ၁၈နှစ်အရွယ် မိုက်ယက်ဘရောင်းကို လူဖြူရဲအရာရှိတစ်ဦးစက ပစ်သတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုရဲအရာရှိမှာ မည်သည့်အမှားမျှ မကျူးလွန်ကြောင်း အမေရိကန် တရားရေးဌာနနှင့် ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

မိုက်ကယ် ဘရောင်းသေဆုံးမှုနှင့် ပတ်သက်၍ လူမျိုးရေးခွဲခြားပြီး ရဲများက အင်အားကို အလွန်အကျွံအသုံးပြုသည်ဟုဆိုကာ ဆန့်ကျင်ဆန္ဒပြမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သြဂုတ်လ ၁၀ရက်နေ့နှောင်းပိုင်းတွင် ယခင်က အဓိကရုဏ်းဖြစ်ပွားခဲ့ရာနေရာဖြစ်သည့် West Florissant Avenue လမ်းပေါ်တွင် ယာဉ်သွားလမ်းကို ပိတ်ဆို့ဆန္ဒပြသူ နှစ်ယောက်သုံးယောက်ကို ရဲက ဖမ်းဆီးခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လူအုပ်ထဲမှအချို့က ရဲများကို ရေဗူးများဖြင့် ပစ်ပေါက်မှုများ ရှိခဲ့သော်လည်း အကြမ်းဖက်မှုတော့ ဖြစ်ပွားခြင်းမရှိခဲ့ဟု ဆိုသည်။

အစောပိုင်းကလည်း စိန့်လူးဝစ်ရှိ ပင်မရုံးတော်ရှေ့တွင် ထိုင်သပိတ်ဆင်နွှဲနေသည့် အရပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကော်နယ် ဝက်စ်အပါအဝင် ဆန္ဒပြသူ ၅၀ခန့်ကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။   

အခြားဆန္ဒပြသူများကလည်း အလုပ်များသည့် နေ့လယ်ခင်းအချိန်တွင် အဓိက အဝေးပြေးလမ်းမကြီးတစ်ခုကို ခဏတာ ပိတ်ဆို့ခဲ့ကြသောကြောင့် အတော်များများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဤဆန္ဒပြပွဲများမှာ စိန့်လူးဝစ်နှင့် အခြားအမေရိကန်မြို့ကြီးများမှ တက်ကြွလှုပ်ရှားသူများက လှုံ့ဆော်သည့် အရပ်သားအာဏာဖီဆန်ရေးလှုပ်ရှားမှုနေ့၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

ဖာဂူဆန်မြို့တွင်းနှင့် ပတ်ပတ်လည်ကို ထိန်းချုပ်ရန်အတွက် စိန့်လူးဝစ်ကောင့်တီ အုပ်ချုပ်ရေးမှူး စတိဗ် စတင်ဂျာက သြဂုတ်လ ၁၀ရက် နေ့လယ်ခင်းအချိန်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။

မိုက်ကယ်ဘရောင်း အောက်မေ့ဖွယ်အခန်းအနားကို ငြိမ်းချမ်းစွာ ကျင်းပအပြီးတွင် လူမည်းဆယ်ကျော်သက် တိုင်ရုန်းဟားရစ်နှင့် ရဲတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။  

ရဲအရာရှိများ၏ ပြောကြားချက်အရ West Florissant Avenue လမ်းမကြီးပေါ်တွင် ရဲနှင့် လူအုပ်ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလာချိန်တွင် နောက်ပိုင်းတွင် တိုင်ရုန်း ဟားရစ်အဖြစ် ဖော်ထုတ်သိရှိရသည့် သံသယရှိသူက အရပ်ဝတ်နှင့်ရဲများကို ပစ်ခတ်သောကြောင့် ရဲများကလည်း ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။ ရဲများကို ပစ်ခတ်သူများမှာ ရာဇဝတ်ကောင်များသာဖြစ်ပြီး ဆန္ဒပြသူများမဟုတ်ကြောင်း ရဲချုပ် ဘယ်မာက ပြောကြားခဲ့သည်။

သို့ရာတွင် ရဲများကပစ်ခတ်၍ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် လူမည်းဆယ်ကျော်သက် ဟားရစ်၏ ဖခင်ကမူ ရဲများက လိမ်လည်နေခြင်းဖြစ်ပြီး ၎င်း၏သားဖြစ်သူမှာ လက်နက်ဆို၍ အပ်တိုတစ်ချောင်းမျှပင်မပါဘဲ အသက်လု၍ ပြေးနေရသူသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly