ထိုင်ဝမ်သမ္မတရုံးအပြင်ဖက်တွင် တရုတ်အလံသယ်လာပြီး ဆာမူရိုင်းဓားဖြင့် လူတစ်ဦး လာရောက်တိုက်ခိုက်

ထိုင်ဝမ်သမ္မတရုံးအပြင်ဖက်တွင် တရုတ်အလံသယ်လာပြီး ဆာမူရိုင်းဓားဖြင့် လူတစ်ဦး လာရောက်တိုက်ခိုက်

တိုင်ပေ၊ သြဂုတ် ၁၈ ။           ။ ထိုင်ဝမ်သမ္မတရုံး အပြင်ဖက်တွင် စောင့်ကြပ်နေသည့် စစ်ဖက်ရဲတစ်ဦးအား တရုတ်အလံ သယ်ဆောင်လျက် လူတစ်ဦးက ဆာမူရိုင်းဓားဖြင့် ထိုးခုတ် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားကြောင်း အာဏာပိုင်များက ပြောသည်။

ဓားခုတ်မှုဖြစ်သည့် နေရာမှာပင် ဖမ်းဆီးခံလိုက်ရသည့် ၎င်းထိုင်ဝမ်အမျိုးသားက ၎င်း၏ နိုင်ငံရေးအမြင်သဘောထားများကို ပြောဆိုပြီး တိုက်ခိုက်ရာတွင် သုံးသော ဆာမူရိုင်းဓားမှာလည်း အနားက သမိုင်းပြတိုက်မှ ခိုးယူလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြောင်း ရဲက အေအက်ဖ်ပီသို့ ပြောသည်။

ဖြစ်ပွားရာ သမ္မတရုံးသည် ပေကျင်းအပေါ် အယုံအကြည် ကင်းမဲ့သူ သမ္မတ ထိုက်အန်းဝမ် ရုံးစိုက်ရာ မြို့တော် တိုင်ပေ အလယ်ရှိ ရုံးချုပ်ပဲ ဖြစ်သည်။

သမ္မတတာဝန်အား ထိုက်အန်းဝမ် ပြီးခဲ့သည့်နှစ် ထမ်းဆောင်ချိန်မှစကာ ထိုင်ဝမ်သည် ပေကျင်း၏ နယ်မြေအစိတ်အပိုင်းပဲ ဖြစ်သည်ဟူသော တရုတ်၏ ရပ်တည်ချက်ကို ငြင်းပယ်ထားခြင်းကြောင့် တရုတ်အာဏာပိုင်များနှင့် ဆက်ဆံရေး ယိုင်နဲ့ လာခဲ့သည်။

ယခု တိုက်ခိုက်သူသည် တူတစ်ချောင်း ယူလာပြီး သမိုင်းပြတိုက်အတွင်း မှန်ပုံးကို ထုခွဲကာ ဆာမူရိုင်းဓားတစ်ချောင်းကို ခိုးယူလာခဲ့ခြင်း ဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်နေသည့် ရဲတစ်ဦးက အမည်ပြောကြားခြင်း မရှိဘဲ အေအက်ဖ်ပီသို့ ပြောသည်။

"ဒီတိုက်ခိုက်သူရဲ့ ကျောပိုးအိတ်ထဲမှာ တရုတ်အလံ သယ်ဆောင်လာတာ တွေ့တယ်။ သမ္မတရုံးမှာ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပြောချင်တယ်လို့ သူက ဆိုပါတယ်။" ဟု ရဲတာဝန်ရှိသူက ပြောပြီး ၎င်းအမျိုးသားသည် သမ္မတရုံးတွင် တရုတ်အလံလွှင့်တင်ဖို့ လာခြင်းဖြစ်သည်ဟုလည်း ဖြည့်စွက်ဆိုသည်။

၎င်းအမျိုးသားအား မိသားစုအမည်အားဖြင့် လူဟုပင် ရဲက သိထားပြီး လူသည် သမ္မတရုံးထဲ ဝင်ဖို့လုပ်စဉ် တားဆီးသဖြင့် အစောင့် စစ်ဖက်ရဲကို ဓားဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သမ္မတရုံး   ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

ဒဏ်ရာရသည့် အစောင့်ကို ဆေးရုံအမြန်တင်ပို့နိုင်ပြီး အခြေအနေကောင်းမွန်ကြောင်း သိရသည်။

ယခင် ပြစ်မှုဟောင်းမရှိသည့် လူအား ဘက်ရှိတွင် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly