စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၂)

By မဇ္ဈိမ
18 August 2017
စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနှင့်တွေ့ဆုံခြင်းအပိုင်း (၂)

မှတ်ဉာဏ် ချို့ယွင်းတာတွေ၊ သတိမေ့တတ်တာနဲ့ ပတ်သက်ပြီး 4R Health Talk ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေ အထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနဲ့ မေးမြန်းထားတာတွေကို ပြန်လည် ထုတ်လွှင့်ပေးလိုက်ပါတယ်။

မဇ္စျိမ -အသက် ၅၀၊၆၀၊၇၀ပေါ့နော်။ ကျွန်တော်တို့ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ သူငယ်ပြန်တာနဲ့ရော တူပါသလား ဆရာကြီး။

Professor: Sai- အသက် သိပ်ကြီးသွားပြီး ကိုယ့်ဟာကိုယ် ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့ အဆင့်ပေါ့လေ။ အဲ့ဒါဆိုရင်တော့ သူငယ်ပြန်တယ်လို့ ဆိုရမှာပေါ့။ တချို့ကြတော့ ကိုယ့်သားသမီးတောင် ကိုယ်မမှတ်မိတော့ဘူးပေါ့နော်။ ထမင်းစားပြီးမှန်းလည်း မမှတ်မိတော့ဘူး။ တစ်ချို့ဆို ပြောတယ်လေ။ ထမင်းကျွေးပြီးပေမယ့် ငါ့ကို ဘယ်သူမှ ထမင်းမကျွေးဘူး။ အိမ်ကလူတွေက ငါ့ကို အငတ်ထားတယ်။ အဲလိုမျိုးတွေ ပြောကြတာပေါ့။ နောက် မနက်က ဘာဟင်းစားလို့ မေးရင်လည်း သူက မသိတော့ဘူး။ တချို့ဆို ကိုယ့်နာမည်လည်း ကိုယ်မမှတ်မိဘူး။ ကိုယ့်သားသမီး ဘယ်နှစ်ယောက်ရှိမှန်းလည်း မသိဘူး။

မဇ္စျိမ - အဲဒါကြတော့ အသက်အရွယ်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတာလား။ အနေအထိုင် အစားအသောက် ဥပမာ ၉၀ ကျော်လောက်ဆိုရင် ဒါမျိုးဖြစ်တာလား။ ၈၀ ကျော်လောက်ဆိုရင် ဒါမျိုးဖြစ်တာလား။ လုံးဝ မှတ်ဉာဏ်က တော်တော်လေးကို နည်းပါးသွားတဲ့ အခြေနေပေါ့။

Professor: Sai- ဟုတ်ကဲ့ ၈၀ ကျော်လောက်မှာ အဖြစ်များပါတယ်။ ဒါပေမယ့် လူတိုင်းဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။. ဖြစ်တဲ့အကြောင်းကလည်း စောစောက ကျွန်တော်ပြောထားတယ်လေ။ အချက် ၅ချက် ပေါ့။ သွေးထဲမှာလည်း အဆီဓာတ်တွေ များမယ်။ သွေးတိုးရှိမယ်။ ဆီးချိုရှိမယ်။ နောက်ကိုလက်စထရောလည်း များမယ်ပေါ့။ အဲဒါတွေကလည်း ဖြစ်စေချင်တဲ့ အကြောင်းပေါ့လေ။ အဲဒါမရှိတဲ့သူကတော့ မဖြစ်ဘူးပေါ့ဗျာ။ အဲဒီများတဲ့ သူကြတော့ ဖြစ်တာပေါ့။ လူတိုင်း ၈၀ ကျော်ရင် ဖြစ်ရမယ်လို့ မဆိုလိုပါဘူး.။

မဇ္စျိမ- သူကျတော့ ဆရာကြီးပြောတဲ့ အချက် ၅ချက်ကို ဥပမာ ၈၀ ကျော်မှ ဆေးလိပ်မသောက်တော့ဘူးပေါ့နော်။ အရက်မသောက်တော့ဘူး။ အခုနက ပြောတဲ့ အသီးအရွက် စားမယ်ပေါ့။ လေ့ကျင့်ခန်းလုပ်မယ် ဆိုရင်ရော ပြန်ကောင်းလာနိုင်လား။

Professor: Sai- ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ဒဏ်ရာတွေဟာ ပြန်ကုစားဖို့ မလွယ်ပါဘူး။ ဥပမာ ကားတိုက်မိသွားပြီပေါ့ဗျာ ပြန်ပြင်ဖို့ကတော့ သိပ်မလွယ်ဘူးပေါ့။

မဇ္စျိမ- ဆိုလိုတဲ့သဘောကတော့ ငယ်ငယ်ရွယ်ရွယ်ကတည်းက ကြိုတင်ပြီးတော့ ပြင်ဆင်ရမယ်ဆိုတဲ့ သဘောပေါ့နော်။ ကြိုတင်ပြီးတော့ ကာကွယ်ရမယ်ဆိုတဲ့ သဘောပေါ့နော်။ နောက်တစ်ယောက်ကို အလှည့်ပေးပါရစေ။ သူကတော့ မထွေးလှလို့ ခေါ်ပါတယ်။ ဆရာရှင့်တဲ့ ကျွန်မ သတိအရမ်းမေ့တတ်ပါတယ်ရှင့် ကျွန်မအသက် ၄၁ နှစ်ပဲ ရှိပါသေးတယ်။ သတိထားလေ ပိုဆိုးလေပါပဲ။ အဲဒါဘာကြောင့်ပါလဲ ဆရာကြီးရှင့်။ မေ့တာနဲ့ မှတ်ဉာဏ်ချို့ယွင်းတာ တူလားဆရာ။

Professor: Sai- မတူပါဘူး။ မေ့တာက အာရုံမစိုက်နိုင်လို့ ဖြစ်ရတာ။ ပြောလိုက်တော့ အာရုံမစိုက်ဘူး။ စိတ်ဝင်စားမှု နည်းတာပေါ့နော်။ သတိထားပြီး ဝီရိယ စိုက်မှုတွေ နည်းလို့ မေ့တာပါ။ သတိထားမယ် ဝီရီယစိုက်မယ်ဆိုရင်တော့ မမေ့လောက်ပါဘူး။

မဇ္စျိမ- နောက်တစ်ယောက်တော့ မဒုမ္မာ ဆိုတဲ့ သူက မေးလာပါတယ်။ သူ့အမေက သတိအမြဲမေ့တတ်တယ်။ ပြောပြီးတဲ့ စကားတိုင်းလည်း အကုန်မေ့တယ်။ ပြန်ပြောပြတော့လည်း မေ့တယ် အခုပြောလိုက်ရင် တစ်ပတ်မကြာဘူး မေ့တယ်။ ဘာဆေးတိုက်ရမလဲ ဆရာတဲ့ အချို့မှုန့်တော့ တအားကြိုက်ပါတယ်တဲ့။

Professor: Sai- အချို့မှုန့်ကို လျော့စားရမယ် အဓိက ကတော့။ အဲဒီဆေးတွေဟာ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေးရတာခြင်းတော့ မတူပါဘူး။ ဥပမာ မောင်နီက တစ်မျိုးနဲ့ တည့်ပေမယ့်။ မောင်ဖြူက တစ်မျိုးနဲ့ တည့်ချင်မှ တည့်မှာပေါ့။ အဲဒါ လူကိုကြည့်ပြီးမှလည်း ကျွန်တော်တို့ သင့်တော်တဲ့ ဆေး ပေးရပါတယ်။ လူတိုင်းကို လှေနံဓားထစ် ပေးလို့ မရပါဘူး။

မဇ္စျိမ- နောက်တစ်ယောက်က ဘာမေးသွားလဲ ဆိုတော့ သူက တစ်ခုခုလုပ်တော့မယ်ဆိုရင် တစ်ခုခုပြောတော့မယ်ဆို တော်တော်စဉ်းစား ယူနေရတယ်။ မှတ်ဉာဏ်ပိုင်းအားနည်း နေတာလားဆရာတဲ့။ အဲဒီအခြေနေက သတိမေ့တာနဲ့ ဦးနှောက်ချို့ယွင်းတာနဲ့ အခြေနေတူလား ခင်ဗျ။

Professor: Sai- မတူပါဘူး။ သူက စိုးရိမ်စိတ်များလို့ပါ။ စိုးရိမ်စိတ်များတော့ ငါလုပ်တာ အောင်မြင်ပါ့မလား။ ဖြစ်မှ ဖြစ်ပါ့မလား။ ဘယ်လို အခက်ခဲတွေများ တွေ့မလဲဆို တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေလို့ပေါ့။ အဲဒါကြောင့် ဖြစ်တာပါ။

မဇ္စျိမ- အဲဒါဆိုရင် သူက လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။

Professor: Sai- ကိုယ်မှန်တယ်လို့ ယူဆရင်တော့ လုပ်ရမှာပေါ့။ ကိုယ်က မတတ်ဘူးဆိုရင် တတ်တဲ့သူတွေနဲ့ အကြံဉာဏ်တောင်းပေါ့။

မဇ္စျိမ- နောက်တစ်ယောက်တော့ ဆရာရေ ကျွန်တော်တို့ လူငယ်တွေလည်း မကြာခဏ မေးမြန်းတတ်တဲ့ မေးခွန်းပါပဲ။ မှတ်ဉာဏ်ကောင်းဆေး ရှိပါသလားတဲ့။ လေကျင့်ယူလို့ရော ရပါသလားလို့ မေးလာပါတယ်။ သူက ဘယ်သူလဲဆိုတော့ ရွှေဆန်းအိမ်လို့ ခေါ်ပါတယ်။

Professor: Sai- မှတ်ဉာဏ်ကောင်းဆေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဓိကကတော့ လူငယ်တွေ  ဆေးသုံးစွဲစရာ သိပ်မလိုပါဘူး။ မှတ်ဉာဏ်ကလည်း နဂိုကတည်းက ကောင်းပြီးသားပါ။ အာဟာရပြည့်ဝအောင် စားမယ်။ အိပ်ရေးဝဝ အိပ်မယ်။ ကိုယ်လက်လှုပ်ရှားမယ်ဆိုရင်တော့ စိတ်ဖိစီးမှု လျော့မယ်ဆိုရင် ဒါဟာ မှတ်ဉာဏ် အလိုလို ကောင်းလာမှာ ဖြစ်ပါတယ်။

မဇ္စျိမ -နောက်တစ်ခု မေးလာတာက မေ့တတ်တဲ့ရောဂါ ပျောက်အောင် ဘာဆေးတွေ စားရမလဲတဲ့။ လျော့ပါးသွားအောင် လုပ်တဲ့နည်းလမ်း ရှိပါသလား။ ကျွန်တော်အသက်က ၄၈ နှစ် ပါ ခင်ဗျာ တဲ့။

Professor: Sai -ရှိပါတယ်။ ဆေးတွေ ရှိပါတယ်။ ဒါပေမယ့် စောစောကပြောသလို လူကြည့်ပြီးမှ ပေးလို့ ရမှာပါ။

မဇ္စျိမ -ဆုမြတ်ထွန်းဆိုတဲ့ တစ်ယောက်ကတော့ သူ့အမေက အသက် ၆၃ နှစ်ပါ အခုတလော အရမ်းမေ့တတ်လာလို့ ဘာလုပ်ရမှာပါလဲ။ ကျွန်မက အသက် ၂၇ နှစ်ပါ ကိန်းဂဏန်းတွေကိုတော့ ထူးထူးခြားခြား မှတ်မိလွယ်ပြီး ကျန်တစ်ခြားအရာတွေကို တော်တော်မေ့တတ်လို့ပါ။ ဘာလုပ်ရမှာပါလဲ။ သူကြတော့ တစ်ချို့ဟာတွေကို မှတ်မိတယ်။ အချို့ဟာတွေ မမှတ်မိဘူး အဲဒါ ဘာဖြစ်တာပါလဲ ခင်ဗျ။

Professor: Sai- အာရုံစူးစိုက်မှု နည်းလို့ ဖြစ်မှာပါ။ သူက ဂဏန်းတွေတော့ စိတ်ဝင်စားတယ်။ အခြားဟာတွေတော့ စိတ်မဝင်စားဘူးဆိုတဲ့ သဘောပါ့နော်။

မဇ္စျိမ- ဟုတ်တယ် အချို့သူတွေ ရှိတယ်လေ။ ပိုက်ဆံချေးပြီး ပြန်ပေးဖို့ကြတော့ မေ့နေတယ်။ ရဖို့ကြတော့ မမေ့ဘူး။

Professor: Sai- ဟုတ်ပါတယ်။ ဒီသဘောသဘာဝကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ အင်မတန်မှ ကောင်းတဲ့ နမူနာ ဖြစ်ပါတယ်။ ပိုက်ဆံပေးဖို့ကြတော့ မေ့တယ်။ ပိုက်ဆံတောင်းဖို့ကြတော့ မမေ့ဘူးဆိုတာ ဆရာကြီးရဲ့ အင်မတန်မှ ကောင်းတဲ့ နမူနာ ဖြစ်ပါတယ်။ ဒါ အာရုံစူးစိုက်မှုများတယ်ဆိုရင် အာရုံစူးစိုက်မှု လိုတဲ့ ကိစ္စ မှာ မမေ့ဘူးဆိုတာ ဆိုလိုတာ ဖြစ်ပါတယ် ခင်ဗျ။

မဇ္စျိမ- နောက်တစ်ယောက် မေးလာတဲ့ မေးခွန်းက ဆရာကြီးရေ ကျွန်တော်တို့ တချို့တွေမှာ ဆိုရင်တော့ ထုံဆေးတို့ မေ့ဆေးတို့ ခွဲစိပ်တဲ့ အခါမှာ လုပ်ကြတယ်ပေါ့နော်။ အဲဒါကရော မှတ်ဉာဏ်ကို သွားပြီး သက်ရောက်မှု ရှိလား။

Professor: Sai - ဖြစ်ပါတယ်။ ခဏခဏ ပေးရင်တော့ မကောင်းဘူးပေါ့။ ထိခိုက်မှုတော့ ရှိပါတယ်။

မဇ္စျိမ -ဆိုတော့ ခဏခဏ ခွဲစိပ်မှု လုပ်လို့ ဒါမျိုး လုပ်ရင်တော့ မကောင်းဘူပေါ့နော်။

Professor: Sai -မကောင်းပါဘူး။ အိပ်ဆေးတွေ ဘာတွေလည်း ဒီလိုပေါ့။ အကြာကြီး သောက်ရင်တော့ ထိခိုက်တာပါပဲ။

မဇ္စျိမ -ခဏတဖြုတ်ဆိုတာ ဘယ်ကာလကို ပြောတာလဲ ဆရာကြီး။

Professor: Sai -၆လ ၁နှစ်ပေါ့ဗျာ။

မဇ္စျိမ -ဆေးကြတော့ ဒီ ပြင်းအားတွေရော ရှိလား။

Professor: Sai- ရှိပါတယ်။ သူတို့က သက်သာသွားပြီဆိုရင် တစ်ဖြေးဖြေး လျော့သွားရတာပါ။

မဇ္စျိမ -နောက်တစ်ခုကတော့ ကျွန်တော်တို့ မေးမြန်းနေကြ မေးခွန်းလေး တစ်ခုပါပဲ။ သူက ဥယျာဉ်မှုးဆိုတဲ့ အကောင့်ပိုင်ရှင်က မေးတာပါ။ မေ့တတ်တယ်။ မှတ်ဉာဏ်ကောင်းအောင် ဘယ်လို လုပ်ရမလဲလို့ မေးလာပါတယ်။ အခုနက ဆရာကြီးလည်း ဖြေခဲ့ပါတယ်။ ဆရာကြီး ထပ်ဖြည့်ပြောစရာရှိရင် ပြောပါအုံး။

Professor: Sai -မှတ်ဉာဏ်ကောင်းအောင်တော့ အာဟာရ ပြည့်ပြည့်ဝဝ စားပါ။ အိပ်ရေးဝဝ အိပ်ပါ။ ကိုယ်လက်လှုပ်ရှားပါ။ ဗီတာမင်တွေ ချို့တဲ့နေရင်လည်း ဗီတာမင်တွေ သောက်ပါ။

မဇ္စျိမ -အစားအသောက်နဲ့ ပတ်သက်လို့ ရှိရင် အခုနက ဆရာကြီး ပြောသွားတဲ့ အထဲမှာ အသီးအရွက်ပေါ့နော် ဒါတွေကို များများစားရမှာပေါ့။ အသားထဲမှာဆိုရင်ရော ဘယ်လိုမျိုး အစားစာတွေ စားသင့်လဲ။

Professor: Sai အသားကတော့ ငါးက အကောင်းဆုံးပဲပေါ့။ ကြက်ဥတို့ပေါ့။

မဇ္စျိမ -တချို့ကျတော့ ကလေးတွေကို မှတ်ဉာဏ်ကောင်းအောင်ဆိုပြီး ငါးကျွေးကြတယ်။ အဲဒါရော တကယ်သက်ရောက်မှု ရှိလားဗျ။

Professor: Sai- ငါးကတော့ ရှိပါတယ်။

မဇ္စျိမ - အသားတွေ ဘာတွေကတော့ နည်းနည်းတော့ နည်းတယ်ပေါ့။

Professor: Sai -ငယ်တုန်းတော့ အသားစုံစားတာ ကောင်းပါတယ်။

မဇ္စျိမ - မေ့တတ်တဲ့ရောဂါ ဖြစ်နေပြီဆိုရင် တစ်နေ့ကို ဘယ်လို နေထိုင်ရမယ်။ ဘယ်လို စားသောက်ရမယ်။ ညွှန်းပေးစေလိုပါတယ် ဒကာကြီးတဲ့။ ကျွန်တော် နည်းနည်းလေး ဖြည့်ပြီးတော့ မေးချင်ပါတယ်။ အစားအသောက်ဆိုရင် တစ်နေ့ ဘယ်နှစ်ကြိမ်လောက် စားရမလဲ။ အနေထိုင်ဆိုရင် အိပ်တယ်ဆိုရင် မေ့တတ်တဲ့ရောဂါ ရှိသူတစ်ယောက်အနေနဲ့ တစ်နေ့ကို နာရီဘယ်လောက် အိပ်သင့်သလဲပေါ့နော်။

Professor: Sai- အနည်းဆုံးတော့ ၈နာရီလောက် အိပ်သင့်တယ်။ အဟာရပြည့်ဝတဲ့ အစားတွေ စားရမယ်။ စောစောကပြောသလိုပေါ့။ သိပ် ချိုလွန်း၊ ငံလွန်း၊ အဆီအဆိမ့် များလွန်းတာတွေ လျော့စားရမယ်ပေါ့။ အဟာရပြည့်အောင် စားရပါမယ်။

မဇ္စျိမ- ဒီမှာ မေးလာတဲ မေးခွန်းကတော့ အများဆုံးကတော့ မေ့တတ်တဲ့ ပြဿနာပေါ့နော်။ နောက်တစ်ယောက်ကတော့ ဘာမေးလာလဲ ဆိုတော့ အရမ်းမေ့တတ်တယ်။ ပစ္စည်းတစ်ခုကို သိပ်ပြီး ၁နာရီလောက်ကြာရင် အဲပစ္စည်း သိမ်းထားတဲ့နေရာကို မေ့သွားရော အတော်ကြာစဉ်းစားပြီးမှ ပြန်ရှာတွေ့တယ်။ ညက သိမ်းတဲ့ပစ္စည်း မနက်ဖြန် ဘယ်နားထားမိမှန်း မသိတော့ဘူး။ အဲလိုဖြစ်တာ ခဏခဏပဲ။ ကြာတော့ စိတ်ဓာတ်တွေတောင်ကျလာတယ်။ အမျိုးသာကလည်း မေ့တတ်လွန်းလို့ ငြိုငြင်လာတယ်။ အဲဒါ ဆရာကြီး ဘယ်လိုမျိုး နေထိုင်ရမယ်ဆိုတာ အကြံဉာဏ်ပေးပါအုံးတဲ့။

Professor: Sai- အခုလိုဖြစ်တာ သူ့မှာ စိုးရိမ်စိတ် လွန်တာလည်း ဖြစ်နိုင်တယ်။ စိတ်ကျရောဂါလည်း နည်းနည်းဝင်နေတယ်တဲ့ တူပါတယ်။ အဲဒါကြောင့် စိတ်ကျရောဂါဝင်ရင်လည်း မေ့တတ်ပါတယ်။

မဇ္စျိမ- အချက်တွေထဲမှာ စိတ်ကျတဲ့အကြောင်းအချက်တွေက မေ့တတ်တဲ့ အကြောင်းအရာထဲမှာ ပါတာပေါ့။

Professor: Sai- ပါတာပေါ့။

မဇ္စျိမ- ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံမှာ ဖြစ်တတ်ပါတယ်။ သူက ဥပမာလေး ပြောထားတာပါခင်ဗျ။ မေ့တတ်တော့ သော့ခတ်တာ အောက်ရောက်တော့ သော့ခလောက်ပါ အိတ်ထဲထည့်လာတယ်။ စိတ်ပျက်ရပါတယ်ဆရာတဲ့။ ဆရာကြီး အားပေးစကားလေး နည်းနည်း ပြောပေးပါအုံး။

Professor: Saiအဲဒါ ခဏခဏ ဖြစ်ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ တစ်ခါတလေကျတော့လည်း ပြဿနာမရှိပါဘူး။ တစ်ချို့ဆိုရင် သော့ခတ်လား မခတ်လား သေချာပြန်စစ်ရတာ ရှိပါတယ်။ သော့ခတ်တယ်။ နောက်ဆွဲကြည့်တယ်။ နောက် အဝေးကနေ လာပြီးတော့ ပြန်ခတ်ရဲ့လား ပြန်ကြည့်တယ်။ နောက် သံသယရှိပြီးတော့ နောက်ပြန်လှည့်လာကြည့်တယ်။ အဲဒါမျိုးကြတော့ obsessive compulsiveရောဂါထဲ ဝင်သွားပါတယ်။ အဲဒါကြတော့ ဆေးကုသဖို့ လိုအပ်ပါတယ်။

မဇ္စျိမ -ဆရာကြီး အဲဒါကြတော့ မြန်မာလိုပြောရင် ဘာရောဂါလို့ ပြောမလဲ။

Professor: Sai- ကိုယ့်ကိုကိုယ် သံသယ ရှိတာပေါ့။ မသေချာတာပေါ့။ ငါလုပ်မှ လုပ်ဖြစ်ရဲ့လားပေါ့။ တစ်ချို့ဆို မီးခလုတ် ပိတ်လိုက်တယ်။ မီးက မလင်းတော့ဘူး။ ဒါပေမယ့် ငါပိတ်မှ ပိတ်ရဲ့လား။ အဲလို ပြန်ပြန်ကြည့်ရတာပေ့ါနော်။

မဇ္စျိမ -အဲဒါကြတော့ ကုသဖို့ လိုလား ဆရာကြီး။

Professor: Sai- သိပ်ဖြစ်ရင်တော့ လုပ်ငန်းကိုင်ငန်း ပြတ်တတ်တဲ့အထိ ဖြစ်ရင်တော့ ကုသဖို့ လိုတာပေါ့နော်။ တစ်ချို့ဆိုရင် မအိပ်ရတော့ဘူးလေ။ အဲတာမျိုးကြတော့ ကုသဖို့ လိုတာပေါ့လေ။

မဇ္စျိမ -နောက်တစ်ခုကတော့ အခုနက မေးခွန်းတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ မေ့တတ်တာကို လေ့ကျင့်ပြီး ဖယ်ရှားလို့ ရပါသလား။ ဆေးရှိရင် ဘာဆေးစားရမှာပါလဲ။ ဆရာကြီးကတော့ အခုနက နည်းလမ်းတွေ ပြောခဲ့ပါတယ်။ ဆရာကြီး ထပ်ဖြည့် ပြောပေးပါအုံး ခင်ဗျ။

Professor: Sai- တရားလေး ထိုင်ပေးတာ ကောင်းပါတယ်။ ဗုဒ္ဓဘာသာဆိုရင်ပေါ့လေ။ တရားထိုင်မယ်။ အိပ်ရေးဝအောင် အိပ်မယ်။ အာဟာရပြည့်အောင် စားမယ်။ စိတ်ဖီဆီးမှုတွေ လျော့အောင် နေထိုင်ပါပေါ့နော်။

မဇ္စျိမ - နောက် ကျောင်းသားလေးတစ်ယောက်ကို အလှည့်ပေးပါရစေ။ သူကတော့ ဆရာကြီးကို အားကိုးထားပါတယ်။ ဆရာ သားစာကျက်တာ သိပ်မမှတ်မိဘူး။ အဲဒါ ဘယ်လို ကျက်သင့်ပါသလဲတဲ့။ ဆရာကြီး နည်းနည်းလေး အကြံပေးပါအုံး ခင်ဗျ။ ကျောင်းသားလေးဖြစ်ပါလိမ့်မယ်။ သူက မြတ်လင်းလို့ ခေါ်ပါတယ်။

Professor: Sai -အဓိကကတော့ အာဟာရပြည့်ဖို့တော့ လိုတယ်လေ။ ဗီတာမင်ဓာတ်လည်း မချို့တဲ့ဖို့ လိုတယ်။ နောက်လိုအပ်ရင်တော့ မှတ်ဉာဏ်ကောင်းတဲ့ ဆေးတစ်ချို့ ရှိပါတယ်။ အဲဒါလေးတွေ သောက်ဖို့ လိုတာပေါ့။

မဇ္စျိမ- နောက်တစ်ယောက်ကတော့ ကျွန်မ အဖေက ရ၃ နှစ် ရှိပြီ ဆီးချိုဖြစ်နေတာ ၁၀နှစ်လောက် ကျော်နေပါပြီ။ ဆေးသောက် လေ့ကျင့်ခန်းတွေ  လုပ်ပြီး ထိန်းပါတယ်။ ဒါပေမယ့် စိတ်ခဏ ခဏတို ဒေါသထွက်ပါတယ်။ ဘယ်လို ထိန်းသိမ်းရပါမလဲ။ ဒါကတော့ စိတ်နဲ့ နည်းနည်းဆိုင်သွားမယ်ထင်တယ်။

Professor: Sai- အဲဒါကတော့ စိတ်ကြွရောဂါနဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။ စိတ်အလိုမကျတာပေါ့။ ဒါ မှတ်ဉာဏ်နဲ့တော့ မဆိုင်ဘူးပေါ့နော်။

မဇ္စျိမ - နောက်တစ်ခုက အခုနက ဆရာကြီး ပြောသွားတဲ့ အထဲမှာ စိတ်ဖိစီးမှု များရင် တစ်ခါတလေ ကြောင်တောင်တောင် ဖြစ်နေတယ်လို့ သူက ခံစားရတယ်လို့ ပြောပါတယ် အဲဒါ ဘာဖြစ်တာလဲလို့ သူက မေးထားပါတယ်။

Professor: Sai- စိုးရိမ်စိတ်လွန်ကဲသွားရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း (၁) အား အောက်ပါတွင် ကြည့်နိုင်ပါသည်- http://www.mizzimaburmese.com/article/30814

Mizzima Weekly