အသင်းမှ တာဝန်ပေးအပ်သည် အထိနေပြည်တော်အသင်းတွင် ဆက်ရှိမည်ဟု မျိုးလှိုင်ဝင်းဆို

အသင်းမှ တာဝန်ပေးအပ်သည် အထိနေပြည်တော်အသင်းတွင် ဆက်ရှိမည်ဟု မျိုးလှိုင်ဝင်းဆို
ယခုနှစ်ဘောလုံးရာသီ နေပြည်တော်နှင့် ဇွဲကပင် လိဂ်ပွဲ၌ နည်းပြမျိုးလှိုင်ဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ရန်ကုန်၊ သြဂုတ် ၁၀ ။      ။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်သည့် နေပြည်တော်အသင်းသည် လက်ရှိတွင် အသင်း၌ ကစားသမားများ၊ နည်းပြများကို လစာငွေပေးချေရန် ကျန်ရှိနေ သည့် ပြဿနာများ ကြုံတွေ့နေရသော်လည်း အသင်းမှ တာဝန် ပေးအပ်သည်အထိ ဆက်ရှိသွားမည်ဟု နေပြည် တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ရန်ကုန်အသင်းကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် ပြောသည်။

နေပြည်တော်အသင်းသည် အဆိုပါ လိဂ်ပွဲစဉ် (၁၄) ရန်ကုန်အသင်းနှင့် ပွဲမတိုင်ခင်တွင် အသင်းကစားသမား များ၏ လစာဖြေရှင်း ပေးခြင်းမရှိသည့်အပြင် လေ့ကျင့်စရိတ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ယင်းပွဲမတိုင်မီ ကစားသ မားများ လေ့ကျင့်ခန်းပြုလုပ်ခြင်းမရှိပဲ အသင်းတာဝန်ရှိသူများက လစာ နှစ်လစာ နှင့် လေ့ကျင့်ခန်း စရိတ်သုံးရက်စာ ပြန်လည်ပေးခဲ့ခြင်းကြောင့် ပွဲကို ယှဉ်ပြိုင်ကစားခဲ့သည်။

အခုလက်ရှိကစားသမားတွေကို အကြွေးကျန်နှစ်လစာပေးပြီးပြီ။ ကျန်တဲ့နှစ်လစာအတွက်ကိုတော့ ဒီတစ်ပတ် ထဲမှာပေးဖို့ အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်။ အသင်းမှာ လစာပြဿနာနဲ့ ရင်ဆိုင်နေရတော့ ပွဲမှာအ နည်းနဲ့အများ ထိခိုက်တယ်။ ပွဲရဲ့ရလဒ်ကို အဓိကထိခိုက်စေတယ်။

ဒါပေမဲ့ ကစားသမားတွေက အကောင်းဆုံး ပေးဆပ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကစားသမားတွေ အားလုံးကို တစ်နှစ် စာချုပ်ပဲ ချုပ်ထားတဲ့အတွက် ဒီနှစ်ဘောလုံးရာသီပြီးရင် သူတို့စိတ်ကြိုက် ဆုံးဖြတ်နိုင်တယ်။ ဆက် လုပ်ဖြစ်မယ်ဆိုရင်လည်း ရှိတဲ့ကစားသမား တွေနဲ့ အကောင်းဆုံး ဆက်လုပ်သွားမယ်။ အသင်းအနေနဲ့ ကျွန်တော့်ကို တာဝန်ဆက်ပေးရင် ဆက်လုပ်ပါမယ် ” ဟု ဦးမျိုးလှိုင်ဝင်း ကပြောသည်။

နေပြည်တော်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီမှစတင်ကာ လစာပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီး နေပြည်တော်အ သင်းကြီးအပါအဝင် လူငယ်အသင်းနှင့် အကယ်ဒမီသင်တန်းကျောင်းတို့၏ လစာများကို ဖြေရှင်းပေး နိုင်ခြင်း မရှိသောကြောင့် နေပြည်တော် ဘောလုံးအကယ်ဒမီကို ဖျက်သိမ်းခဲ့ရသည့်အပြင် လက်ရွေးစင်ကစားသမား အချို့လည်း အသင်းပြောင်းရွေ့မှုများ ကြုံခဲ့ရသည်။

နေပြည်တော်အသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီတွင် လိဂ်ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်၌ လေးပွဲနိုင် သုံး ပွဲသရေ ခုနစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၅ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် ခုနစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly