NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

ရန်ကုန် သြဂုတ် ၁၇ ။                  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနားကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

ဦးအောင်ရွှေသည် ၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါ၀င်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မရမ်းကုန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ အရွေးချယ်ခံခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခရီးလမ်းတွင် ဒီမိုကရေစီစစ်စစ် ရရှိရေးအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သူတစ်ယောက် ဖြစ်သည်ဟု စျာပနအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ပြည်သူတွေက အားပေးခဲ့တာ ထောက်ခံခဲ့တာလည်း ပါတယ်။ တစ်ချိန် လုံးမှာ ဘဘဦးအောင်ရွှေစိတ်ဓါတ်ဟာ ဒီမိုကရေစီရရှိရေး၊ ဒီနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ရပ်တည်ရေးအတွက်ကို အမြဲပဲ မားမက်မက်ရှိခဲ့ပါတယ်။ အဲဒီတော့ ကျွန်မတို့အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်အနေနဲ့ ဒီကနေ့ ဘဘ ဦးအောင်ရွှေကို ဂုဏ်ပြုတဲ့အခါမှာ အထူးပုဂ္ဂိုလ်တစ်ဦးအနေနဲ့လည်း ဂုဏ်ပြုတာ ဖြစ်ပါတယ်" ဟု ပြောသည်။

၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန် ယူခဲ့သော ဦးအောင်ရွှေသည် အစိုးရ၏ ဖိအားကြောင့် နေအိမ်အကျယ်ချုပ်ကျနေ သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်ခဲ့ရသည်။ ယင်းကိစ္စမှာ ပါတီ တည်မြဲရေးအတွက် ဟန်ဆောင်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

"အဓိက ဖိအားပေါ့။ ထုတ်ရင်ထုတ်၊ မထုတ်ရင် ပါတီဖျက်မယ်လို့ နောက်ဆုံး ရာဇသံပေါ့။ ပါတီတော့ အဖျက်မခံဘူး။ ထုတ်တယ်။ ထုတ်တော့လည်း သူတို့ ၂ ယောက်စလုံးက အပြင်မှာလည်း မရှိဘူး။ တစ်ကယ် လက်တွေ့လည်း အလုပ်မလုပ် နိုင်ဘူး။ ဒီလို အခြေအနေမှာ ထုတ်လိုက်တယ်။ ထုတ်ပြီးတော့ ပြန်ထွက်လာတော့ အကုန်လုံးပြန်ပေးလိုက်တယ်လေ။ အဲဒါပဲလေ။ အဲဒီတော့ ရည်ရွယ်ချက်က အခုမှ ပြန်ပြောတဲ့အခါကျတော့ ပိုပြီးတော့ ထင်ရှားတယ်။ ပါတီတည်မြဲရေးအတွက် ဟန်ဆောင်ထုတ်လိုက်တာပဲ။ အဲဒီလို ပြောရင်ရတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးအောင်ရွှေကို အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့က ၁၉၁၈ မေလ ၁၉ ရက် တွင် ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၉) နှစ်ရှိပြီဖြစ်သည်။ ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မ ဉ္ဇူရွှေ၊ ဦးအောင်မြင့် ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ ဖြစ်သည်။

ဦးအောင်ရွှေသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင်ပါ၀င်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်ကို တော်လှန်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစ၍ တပ်မတော် (ကြည်း) တွင် ဗိုလ်ကြီးအဆင့်ကစ၍ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ မှ ၁၉၇၅ အထိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် သြစတြေးလျနှင့် နယူးဇီလန်ကို ပူးတွဲတာဝန်ယူခဲ့သည်။ ထို့အပြင် အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍) တာဝန်ယူ ခဲ့ပြီး ၁၉၇၅ တွင် အငြိမ်းစားယူခဲ့သည်။

ဦးအောင်ရွှေသည် မော်ကွန်းဝင် (ပထမ အဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ သူသည် ၁၉၄၀ တွင်ရန်ကုန်တက္ကသိုလ်မှ ဘီအေ ဘွဲ့လည်းရခဲ့သူဖြစ်သည်။

၁၉၈၈ စက်တင်ဘာ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်ရာတွင် ဦးအောင်ရွှေသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါ၀င်ပြီး စည်းရုံးရေးဌာနမှူးဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမဲ ဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ အရွေး ချယ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ စစ်အစိုးရက ဖမ်းဆီးထိမ်း သိမ်းထားချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

ဦးအောင်ရွှေသည် ၂၀၀၃ မေလ ၃၀ ရက် ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ် ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရပြီး ၂၀၀၄ ဧပြီ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့ သည်။

ဦးအောင်ရွှေသည် သြဂုတ်လ ၁၁ ရက် ညက ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၁၃ ရက် ည ၉ နာရီ ၃၆ မိနစ်တွင် ကွယ်လွန်ခဲ့သည်။၄င်း မကွယ်လွန်မီ နာရီပိုင်းအလိုတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့ လာရောက်ကြည့်ရှုခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဟောင်း ဦးအောင်ရွှေ၏ စျာပန အခမ်း အနားကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊   ဆွေမျိုးများ နှင့် ပြည်သူများ လိုက်ပါပို့ဆောင်ပေးခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly