အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုတွင် တစ်ကြိမ်တစ်ခါမျှ ကူညီပံ့ပိုးခဲ့ခြင်းမရှိဟု စွပ်စွဲခံရသူ သီရိလတ် ငြင်းဆို

အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုတွင် တစ်ကြိမ်တစ်ခါမျှ ကူညီပံ့ပိုးခဲ့ခြင်းမရှိဟု စွပ်စွဲခံရသူ သီရိလတ် ငြင်းဆို
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ သြဂုတ်လ ၁၇ ။            ။ အိမ်အကူမိန်းကလေးနှစ်ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသည့်အပြင် ငွေ အား၊ လူအားဖြင့် တစ်ကြိမ်တစ်ခါမျှ ကူညီပံ့ပိုးခဲ့ခြင်းမရှိကြောင်း အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် သီရိလတ်က တရားရုံး၌ ယနေ့ ငြင်းဆိုခဲ့သည်။

ယနေ့ သြဂုတ်လ ၁၇ ရက်ရုံးချိန်းတွင် အားပေးကူညီမှုဖြင့် စွဲချက်တင်ခံထားရသော သီရိလတ်အား ၎င်းဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်က အပြန်အလှန်မေးခွန်းများ မေးမြန်းခဲ့ ရာ သီရိလတ်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်ရှေ့တွင် ထိုသို့ ငြင်းဆိုကာ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးအနက် သီရိလတ်မှာ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရုံးတော်ရှေ့တွင် ထွက်ဆိုရန် နောက်ဆုံးကျန်ရှိသူတစ်ဦးဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၏ သမီးတစ်ဦး ဖြစ် သည်။

၄င်းအနေဖြင့် အိမ်မှ သဘောမတူကြားမှ အိမ်ထောင်ပြုခဲ့သဖြင့် မိသားစုမှ အဆက်အသွယ်မလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ၄င်းမှာ မိခင်ဖြစ်သူ ဒေါ်တင်သူဇာတို့ နေထိုင်သည့် ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ ရှိ နေအိမ် တွင် နေထိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သီရိလတ်က ထွက်ဆိုခဲ့သည်။ ကျောက်တံတားမြို့နယ်၊ လမ်း ၃ဝ ရှိနေအိမ််တွင် နေထိုင်ခဲ့ကာ ကလေး ၂ ဦးဖြင့် မိသားစုကိစ္စရပ်များ ရှုပ်ထွေး နေသည့်အတွက် အဆိုပါအမှုနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသကဲ့သို့ လူအား၊ ငွေအားဖြင့် တစ်ကြိမ် တစ်ခါမျှ ကူညီပံ့ပိုးခဲ့ခြင်းမရှိဟု သီရိလတ်က ရုံးတော်တွင် ငြင်းဆိုခဲ့သည်။

၄င်းမှ နေအိမ်အတွက် အိမ်အကူအဖြစ် ငှားရမ်းခဲ့သူမှာ မတင်တင်နိုင် တစ်ဦးတည်းသာရှိပြီး မစန်းကေခိုင်နှင့် မသဇင်တို့နှင့် ပတ်သက်ပြီး သိရှိခဲ့ခြင်းမရှိသည့်အပြင် အဆိုပါ အင်းဝအပ်ချုပ်ဆိုင်နေအိမ်သို့ မည်သည့်ပုံစံဖြင့် ရောက်ရှိလာသည်ကို မသိကြောင်း သီရိလတ်က ဆိုသည်။

သီရိလတ်အနေဖြင့် ဒုတိယကလေး ကိုယ်ဝန်ရှိနေစဉ်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်သဖြင့် အိမ်အကူ မိန်းကလေး တင်တင်နိုင်နှင့်အတူ လမ်း ၄ဝ ရှိ မိခင်နေအိမ်သို့ သွားရောက်ခဲ့ပြီး ခင်ပွန်းဖြစ်သူပြန်လာခေါ်သဖြင့် မိနစ်ပိုင်းသာနေခဲ့ကြောင်း၊ ဒုတိယသမီး မွေးဖွားပြီး ရက် ၄ဝ အကြာ မိခင်ဖြစ်သူနေမကောင်းဖြစ်သဖြင့် လမ်း ၄ဝ နေအိမ်သို့ ကလေးအား သွားပြခဲ့ကြောင်း၊ ထိုသို့ မိခင်နေအိမ်သို့ သွားရောက်သည့်အခါတိုင်းတွင် မစန်း ကေခိုင်နှင့် မသဇင်တို့ကို တွေ့ဆုံခဲ့ခြင်းမရှိကြောင်း သီရိလတ်က ထွက်ဆိုခဲ့သည်။

ရုံးတော်မှ သီရိလတ်နှင့် ဦးကိုလတ်တို့ကို မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူး ပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့်လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တို့ဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့ရုံးချိန်းမှ စတင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုနှင့် ပတ်သက်ပြီး လာမည့် သြဂုတ်လ ၂၂ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး စစ်ဆေးပြီးစီးခဲ့သည့် စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၅ ဦးလုံးကလည်း ၄င်းတို့ နေအိမ်တွင် အိမ်အကူလုပ် ကိုင်ခဲ့သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ညှင်းပန်းနှိပ်စက်ခြင်း၊ လစာ ခေါင်းပုံဖြတ်ခြင်း၊ ပိတ်လှောင်ချုပ် နှောင်ထားခြင်းများ လုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း ရုံးတော်တွင် ငြင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly