ရီးယဲလ်အသင်းထက် နိမ့်ကျသည်ဟု ပထမဆုံးအကြိမ် ခံစားရကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးဖွင့်ဟ

ရီးယဲလ်အသင်းထက် နိမ့်ကျသည်ဟု ပထမဆုံးအကြိမ် ခံစားရကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးဖွင့်ဟ

သြဂုတ် ၁၇၊ စပိန် ။            ။ ရီးယဲလ်အသင်းကို ရှုံးနိမ့်ပြီး စပိန်စူပါဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ဘာစီလိုနာနောက်ခံလူ ပီကေးက သူ၏နူးကမ့်ကစားသမားဘဝတစ်လျှောက်တွင် ရီးယဲလ်အသင်းထက်နိမ့်ကျသည်ဟု ပထမဆုံးအကြိမ် ခံစားရကြောင်း ဖွင့်ဟပြောဆိုလိုက်သည်။

ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အိမ်ကွင်းနူးကမ့်တွင် ရီးယဲလ်ကို ၁-၃ ဂိုးဖြင့် ရှုံးခဲ့ပြီး ယခု ရီးယဲလ်ကွင်းတွင် ၂-၀ ဖြင့် ထပ်မံရှုံးနိမ့်ကာ စပိန်စူပါဖလားကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

ပီကေးမှာ ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလားခြောက်ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် ဆုဖလားများစွာ ရယူနိုင်ခဲ့ဖူးသူ ဖြစ်သည်။

“ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၉ နှစ်အတွင်းမှာ ရီးယဲလ်ထက် နိမ့်ကျတယ်လို့ ပထမဆုံးအကြိမ် ခံစားရပါတယ်။ ကျွန်တော်တို့ဟာ အခုအချိန်မှာ ကလပ်တစ်ခု အသင်းတစ်သင်းအနေနဲ့ အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။ တတ်နိုင်သမျှ အမြန်ဆုံး ရှေ့ဆက်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒီအရှုံးမှာ ရီးယဲလ်အသင်းက ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုတာကို လက်ခံနိုင်ဖို့က အရေးအကြီးဆုံးပါပဲ” ဟု ပီကေးက ပြောဆိုခဲ့သည်။

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှင့် ပီအက်စ်ဂျီအသင်းသို့ ဘရာဇီးတိုက်စစ်မှူးနေမာ ပြောင်းရွှေ့သွားခြင်းက ဘာစီလိုနာအသင်းကို အားနည်းသွားစေကြောင်း ပီကေးက ၀န်ခံခဲ့သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly