ခန္တီး၌ ရေအနည်းငယ်ပြန်ကျသော်လည်း ရေဘေးရှောင်များ တိုးလာ

ခန္တီး၌ ရေအနည်းငယ်ပြန်ကျသော်လည်း ရေဘေးရှောင်များ တိုးလာ

ရန်ကုန် ၊ သြဂုတ် ၁၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ရေအနည်းငယ်ပြန်ကျနေပြီးဖြစ်သော်လည်း ရေဘေးရှောင်များ ၃ထောင်ကျော်အထိ တိုးလာကြောင်း သိရသည်။

ခန္တီးနှင့်ပတ်သက်၍ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင်သာ ဆက်လက်တည်ရှိနေသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

"မြစ်ရေအခြေအနေက ပြန်ကျနေပြီ၊ ပြန်ကျနေပြီဆိုပေမယ့် ကောင်းကောင်းမကျသေးဘူး။ ရပ်ကွက်ထဲက ရေပဲ တစ်ပေလောက် ကျသေးတာ မြစ်ရေကရှိနေတုန်းပဲ" ဟု ရေဘေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ခန္တီိးဒေသခံ ဖြစ်သူ ကိုအောင်မျိုးက မဇ္စျိမသို့ပြောသည်။

ခန္တီးမြို့ရှိ ရေဘေးရှောင် ဒုက္ခသည်များကို နီးစပ်ရာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများတွင် ပြောင်းရွေ့ပေးထားရပြီး အိမ်ခြေပေါင်း ရ၂၀ ခန့် ပြောင်းရွေ့ခဲ့ရကာ ဒုက္ခသည်ဦးရေပေါင်း ၃၃၁၀ ဦး အထိ ရှိနေသည်ဟု ဒေသခံ ကိုအောင်မျိုး၏ ပြောဆိုချက်အရ သိရသည်။ ယမန်နေ့က ဒုက္ခသည် ၂၀၀၀ ကျော် ရှိနေခဲ့ပြီး ယနေ့ ၃၀၀၀ ကျော်တိုးလာခြင်း ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန့်နေ့က ထုတ်ပြန်ထားသည့် မြစ်ရေချိန် စာရင်းများအရ ခန္တီးမြို့နယ်၌ ၁၅၁၆ စင်တီမီတာ(၄၉ ပေ) အထိ ရှိနေပြီး မူလစိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၆၀  စင်တီမီတာ (၄၄ပေ ) အထက် ၁၅၆ စင်တီမီတာ(၅ပေ)ခန့် မြင့်တက်နေခဲ့သည်။

ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် တိုင်းတာချက်များအရ ၁၄၈၃ စင်တီမီတာ (၄၈ ပေ) သို့ ရောက်ရှိနေကာ ၃၃ စင်တီမီတာ (၁ပေ) ခန့်ကျဆင်းသွားကြောင်း သိရသည်။ ထို့ကြောင့် မူလ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ (၄၄ပေ) အထက် ၁၂၃ စင်တီမီတာ (၄ပေ)ခန့် ဆက်လက် မြင့်တက်နေသေးသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် မြစ်ရေချိန်များစာရင်းအရ ခန္တီးအပါအဝင် မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စသည့်မြို့များတွင် မြစ်ရေချိန်သည် စိုးရိမ်ရေမှတ်အထက်   ကျော်လွန်နေသည်။ ချင်းတွင်းမြစ်ရေ မြင့်တက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်လ ဖြစ်သည့် ဇူလိုင်လအတွင်း၌လည်း မြစ်ရေကြီးခြင်း ဖြစ်ပွားခဲ့ကာ ခန္တီး ၊ ဟုမ္မလင်း ၊မော်လိုက် ၊ ကနီ ၊မုံရွာ စသည့် မြို့များတွင် ရေဘေးဒဏ် ခံစားခဲ့ရသည်။

ယင်းအပြင် မြန်မာပြည်မြောက်ပိုင်းဖြစ်သည့် ကသာနှင့်ရွှေကူမြို့နားတွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောဆိုထားသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာတစ်နိုင်ငံလုံး အနေအထားအရ မကွေးတိုင်း၊ ပဲခူးတိုင်း ၊စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများကြောင့် လူတစ်သိန်းကျော်ခန့်သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly