မြန်မာအိမ်ဖော်ကို တစ်နှစ်နီးပါးကြာ အလုပ်ခိုင်းပြီး လစာမပေးခဲ့တဲ့ စင်ကာပူအမျိုးသမီး တရားစွဲခံထားရ

မြန်မာအိမ်ဖော်ကို တစ်နှစ်နီးပါးကြာ အလုပ်ခိုင်းပြီး လစာမပေးခဲ့တဲ့ စင်ကာပူအမျိုးသမီး တရားစွဲခံထားရ

သြဂုတ် ၁၇ ။           ။ မြန်မာ အိမ်ဖော်တစ်ဦးကို တစ်နှစ်နီးပါးကြာတဲ့အထိ လစာမပေးဘဲ အလုပ်ခိုင်းနေခဲ့တဲ့ အသက် ၃၀ အရွယ် စင်ကာပူအမျိုးသမီးတစ်ဦး သြဂုတ်လ ၁၅ ရက်က တရားရုံးမှာ အမှုဖွင့် တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

Li Jun အမည်ရ အဆိုပါ စင်ကာပူအိမ်ရှင်အမျိုးသမီးဟာ သူမရဲ့ အိမ်ဖော် မြန်မာအမျိုးသမီးတစ်ဦးကို လစာငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၅,၇၅၀ အထိ ပေးချေဖို့ ပျက်ကွက်ခဲ့တယ်လို့ စင်ကာပူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန MOM က သြဂုတ် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ယင်းအတွက်ကြောင့် Li ဟာ ယခုဆိုရင် စွဲချက်ပေါင်း ၁၃ ချက်နဲ့ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

စင်ကာပူ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ဖော်ထုတ်တွေ့ရှိချက်အရ Li ရဲ့ နေအိမ်မှာ အလုပ်လုပ်နေခဲ့တဲ့ မြန်မာအမျိုးသမီး အိမ်ဖော်ဖြစ်သူဟာ ယမန်နှစ် ၂၀၁၆ မတ်လ ရ ရက်ကနေ ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကြားကာလမှာ ရရှိရမယ့် လစာငွေတွေကို ခုထက်ထိ တစ်ပြားမှ မရသေးတာကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စင်ကာပူအိမ်ရှင်အမျိုးသမီး Li ဟာ အိမ်ဖော်ငှားရမ်းခွင့်ပါ ပိတ်ပင်ခံထားရသူဖြစ်တယ်လို့ သိရပြီး ယခုကိစ္စမှာ ၎င်းအနေနဲ့ နိုင်ငံရဲ့ နိုင်ငံခြားအလုပ်သမားခန့်ထားရေး ဥပဒေအောက်မှာ ချိုးဖောက်လုပ်ဆောင်ခဲ့မှုတွေ ရှိနေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့လည်း MOM က ထုတ်ပြန်ပါတယ်။

Li ရဲ့ အမှုကိုတော့ လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ တရားရုံးမှာ ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။

တကယ်လို့ ၎င်းဟာ ပြစ်မှုထင်ရှားတယ်ဆိုပါက စွဲချက်တစ်ခုစီအတွက် စင်ကာပူဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၁၂ လအထိ ကျခံသွားရဖွယ်လည်း ရှိနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly