မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေးအပြစ်ဒဏ်ပေးမည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ အတည်ပြု

မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေးအပြစ်ဒဏ်ပေးမည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ အတည်ပြု

နေပြည်တော်၊ သြဂုတ်လ ၁၇ ။           ။ မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေးအပြစ်ဒဏ်ပေးမည့် ဥပဒေကြမ်းတစ်ရပ် ပါဝင်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ် ပေးမည့်အစား လူမှုရေးပြစ်ဒဏ်များ ကျခံစေခြင်းကို ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

လူမှုရေးပြစ်ဒဏ်များကို တစ်ရက်လျှင် ၂ နာရီဖြင့် အနည်းဆုံး နာရီ ၂၄၀မှ အများဆုံးနာရီ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ဆောင်ပေးရမည်ဖြစ်သည်။

အဆိုပါလူမှုပြစ်ဒဏ်များမှာ လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့်  သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊လူမှုရေးအဖွဲ့များနှင့်ပူးပေါင်းပြီး အကျိုးပြုလုပ်ငန်းများကို  ကြီးကြပ်သူရှေ့မှောက်တွင် နှိမ်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်စေသည့် သတ်မှတ်ထားသောဝတ်စုံများကို ၀တ်ဆင်ကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။

ယခုကဲ့သို့ပြင်ဆင်လိုက်ခြင်းသည် နိုင်ငံတကာဥပဒေတိုင်း ပြင်ဆင်ဖို့လိုအပ်သည်ဟု ဥပဒေကြမ်းကော်မတီကလည်းမြင်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။

“မူးယစ်ဆေးဝါးမိတဲ့လူတွေကို အရေးယူပြီးတော့ထောင်ချတာ။ နိုင်ငံတကာမှာ လုပ်နေတဲ့ပုံစံက ဒီလိုမဟုတ်ဘူး၊ အဲ့တော့ ဒီဥပဒေကို ပြင်ဖို့ ပြည်ထဲရေးကနေ တင်လာတယ်၊ တင်လာတဲ့ဟာကို အမျိုးသားရေး မူဝါဒတစ်ရပ်အနေနဲ့စဉ်းစားတယ်။ ဘယ်လိုစဉ်းစားလဲဆိုတော့ မူးယစ်ဆေးဝါးကို အများကြီးမိတဲ့သူကလည်း ပြစ်ဒဏ်နဲ့ နည်းနည်းလေးမိတဲ့သူတွေရှိတယ်။မူးယစ်ဆေးဝါး တစ်ပြားလောက်ပဲမိတာတို့ တစ်ပဲသားလောက်စသည်ဖြင့် ဒီလူတွေနဲ့ တန်းသွားတူနေပြီးတော့ ထောင်ထဲမှာ အကျဉ်းသားတွေ အများကြီးဖြစ်သွားတဲ့အတွက် ဒါကို ပြင်ဆင်ကုစားချင်တဲ့ ဆန္ဒတွေရှိတယ်။ နိုုင်ငံတကာမှာလည်း ဒီနည်းအတိုင်းသွားနေတယ်။ နိုင်ငံတကာမှာဒီနည်းအတိုင်းသွားတဲ့ အတွက်ပြင်ဆင်ဖို့လိုအပ်တယ််လို့ ဥပဒေကြမ်း ကော်မတီက မြင်တယ်”  ဟု ဦးဇော်မင်းက ပြောသည်။

ယခု ဥပဒေကိုပြင်ဆင်သည့် အချက်များကို ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘက်ပေါင်းစုံက ၀န်းပြီးစဉ်းစားဆုံးဖြတ်ထားသည့်အတွက် အသင့်လျော်ဆုံး ဥပဒေဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောသည်။

ဗိုလ်ချုပ်အောင်စိုးက “ပြဌာန်းချက်တွေ အပေါ်တိုင်းမှာတော့ အားသာချက်တွေရှိမယ်၊ အားသာချက်တွေရှိတယ်၊ သို့သော်လည်းပဲ အခုဆွေးနွေးတဲ့ ဟာကိုတော့ ခုနက ပြောသလိုပဲ ပညာရှင်တွေအားလုံးကနေဘက်ပေါင်းစုံကနေဝိုင်းဝန်းစဉ်းစားြုပီးရေးဆွဲထားတာဖြစ်တဲ့ အတွက် အားသာချက်တွေအများဆုံးဖြစ်တဲ့ ဥပဒေတစ်ခုလို့ ကျွန်ာတော်တို့မှတ်ယူပါတယ်” ဟုပြောသည်။

အထပ်ထပ်အခါခါသုံးစွဲသည့်လူများကိုတော့ နည်းဥပဒေတွေ ရေးဆွဲသည့် အခါမှာ ဆက်ပြီးတော့ ဆွေးနွေးရဦးမှာဖြစသည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

“အထပ်ထပ် အခါအခါ သုံးစွဲသည့်သူတွေကြတော့ နညး်ဥပဒေထဲမှာ ဒါတွေကို အခြေံပြီးတော့ ပေါ်ပေါက်လာမယ့်အချက်တွေရှိမှာပါ။ ဥပဒေပြီးသွားရင် နည်းဥပဒေရေးဆွဲမှုတွေ ဆက်လက်ဆောင်ရွက်ကြရဦးမှာဖြစ်ပါတယ်”ဟု ပြောသည်။

ယခု ဥပဒေကို ပြဌာန်း သည့် အချိန်မှစပြီးတော့ ပြစ်မှု ပြစ်ဒဏ်များဟာ အသက်ဝင်မည်ဖြစ်ပြီး ယခင် ဖြစ်စဉ်များအပေါ်မှာတော့ အကျုးံဝင်မှာ မဟုတ်ဘဲ၊ ပြည်ထဲရေးဝန်ကြီးဌာန အနေနှင့် ပြဌာန်းထားတဲ့ ဥပဒေများနှင့်အညီ ကိုင်တွယ်ကျင့်သုံးသွားမည်ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly