အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနား ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနား ပြုလုပ်

သြဂုတ် ၁၇ ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်ရွှေ၏ စျာပနအခမ်းအနားကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့ နယ်၊ သုခဝတီလမ်းနေအိမ်တွင် ပြုလုပ် နေသည်။

စျပနအခမ်းအနားကို သီတဂူဆရာတော် ဘုရားကြီးက သရဏဂုံတင် တရားတော် ချီးမြှင့်ခဲ့ပြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ တက်ရောက်ခဲ့ကြသည်။

ဦးအောင်ရွှေကို အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့က ၁၉၁၇ ခုနှစ်၊ မေလ ၁၉ ရက် တွင် ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၁၀၁) နှစ်ရှိပြီဖြစ်သည်။ ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မ ဉ္ဇူရွှေ၊ ဦးအောင်မြင့် ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ ဖြစ်သည်။

ဦးအောင်ရွှေသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင်ပါ၀င်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်ကို တော်လှန်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစ၍ တပ်မတော် (ကြည်း) တွင် ဗိုလ်ကြီးအဆင့်ကစ၍ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ မှ ၁၉၇၅ အထိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် သြစတြေးလျနှင့် နယူးဇီလန်ကို ပူးတွဲတာဝန်ယူခဲ့သည်။ ထို့အပြင် အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍) တာဝန်ယူ ခဲ့ပြီး ၁၉၇၅ တွင် အငြိမ်းစားယူခဲ့သည်။

ဦးအောင်ရွှေသည် မော်ကွန်းဝင် (ပထမ အဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ သူသည် ၁၉၄၀ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ ရခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်ရာတွင်  ဦးအောင်ရွှေသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါ၀င်ပြီး စည်းရုံးရေးဌာနမှူးဖြစ်ခဲ့သည်။

၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင်  မရမ်းကုန်းမဲ ဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်၍ အရွေး ချယ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ စစ်အစိုးရက ဖမ်းဆီးထိမ်း သိမ်းထားချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

ဦးအောင်ရွှေသည် ၂၀၀၃ခုနှစ်၊ မေလ ၃၀ ရက် ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ် ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရပြီး ၂၀၀၄ ဧပြီ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့ သည်။

ဦးအောင်ရွှေသည် သြဂုတ်လ ၁၁  ရက် ညက ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၁၃ ရက် ည ၉ နာရီ ၃၆ မိနစ်တွင် ကွယ်လွန်ခဲ့သည်။

ဦးအောင်ရွှေ မကွယ်လွန်မီ နာရီပိုင်းအလို တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့ လာရောက်ကြည့်ရှုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly