ဂွာတီမာလာဆေးရုံ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ရ ဦးသေဆုံး

ဂွာတီမာလာဆေးရုံ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ရ ဦးသေဆုံး

ဂွာတီမာလာစီးတီး၊  သြဂုတ် ၁၇ ။         ။ ဂွာတီမာလာရှိ ဆေးရုံတစ်ခု၌ ဗုဒ္ဓဟူးနေ့တွင် လူဆိုးဂိုဏ်းအဖွဲ့က သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူပေါင်း ရဦးခန့် သေဆုံးခဲ့ပြီး ၁၂ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ဆေးကုသမှုခံယူရန် ထောင်တွင်းမှ ဆေးရုံသို့ လွှဲပြောင်းရောက်ရှိနေသည့် လူဆိုးဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို ကယ်ဆယ်ရန်အတွက် သေနတ်သမားများသည် ဂွာတီမာလာစီးတီးရှိ ရုစဗဲ့ဆေးရုံထဲသို့ တရကြမ်းဝင်ရောက် လာခဲ့ကြကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သေနတ်သမားများသည် ဆယ်လ်ဗာထရူချာ ဂိုဏ်းသားများဖြစ်ကြပြီး ထိုဂိုဏ်းသည် အမေရိကတိုက်အလယ် ပိုင်းနိုင်ငံများ၌ မကောင်းမှုဒုစရိုက်များ ကျူးလွန်နေသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အဖွဲ့တစ်ခုဖြစ်သည်။

တိုက်ခိုက်သူများသည် ဆေးရုံသို့ကားဖြင့်ရောက်ရှိလာကာ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၉ အရွယ်ရှိ အန်ဒါဆန်ဒီနီရယ်ကာဘရီရာကို ခေါ်ထုတ်သွားခဲ့ကြကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ ပစ်ခတ်မှုအတွင်း ထောင်စောင့် ၂ဦး၊ ဆေးရုံလုပ်သား ၂ဦး၊ ကလေး ၂ဦးနှင့် လူကြီးတစ်ဦးတို့ သေဆုံးခဲ့ရ ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ဂွာတီမာလာသမ္မတ ဂျင်မီမိုရာလက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့သည်။

“စနစ်တကျစီမံပြီး ကျူးလွန်နေတဲ့ ဒုစရိုက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့က ကျနော်တို့အစိုးရရဲ့ ဦးစားပေးတာဝန်ပဲ ဖြစ်ပါတယ်” ဟု သူက မိန့်ခွန်းတစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ နာရီရာမို့စ်က ရဲအရာရှိများသည် ထိုတိုက်ခိုက်မှုအတွင်း၌ ပါ၀င်ခဲ့သော ဂိုဏ်းသား ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း လွတ်မြောက်သွားသည့် အကျဉ်းသားကို ရှာမတွေ့သေးကြောင်း ပြောခဲ့သည်။

သက်သေတစ်ဦးဖြစ်သူ အယ်လီနာဒီလီယွန်က ဆေးရုံထဲသို့ သေနတ်သမားများ တရကြမ်းဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ချိန်တွင် သူမနှင့် သမီးဖြစ်သူတို့ အတူရှိနေခဲ့ကြောင်းနှင့် ဘေးကင်းစွာ လွတ်မြောက်လာခဲ့ကြောင်း ပြောခဲ့သည်။

“ကျွန်မအလွန်ကို စိတ်ပူသွားခဲ့ပါတယ်။ ဂွာတီမာလာမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို တော်တော်စိတ်ကုန် နေပါပြီ။ ပြည်သူတွေဟာ စိတ်ဆိုးသလို စိတ်လည်းပျက်နေကြပါတယ်။ သူတို့ဟာ ပြည်သူ့ရဲတပ်ဖွဲ့တွေ အရာရှိ တွေကို အယုံအကြည်မရှိကြတော့ပါဘူး” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly