အသင်းလိုက်ညီညွတ်စွာ ကစားကြရန် မြန်မာယူ-၂၂ အသင်းကို ဥက္ကဋ္ဌဦးဇော်ဇော် တိုက်တွန်း

အသင်းလိုက်ညီညွတ်စွာ ကစားကြရန် မြန်မာယူ-၂၂ အသင်းကို ဥက္ကဋ္ဌဦးဇော်ဇော် တိုက်တွန်း
ဓာတ်ပုံ - MFF

သြဂုတ် ၁၇ ။           ။ မြန်မာယူ-၂၂ အသင်းသားများအနေဖြင့် တစ်ဦးချင်းထက် အသင်းလိုက်ညီညွတ်စွာကစားကြရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းပြောကြားလိုက်သည်။

ဦးဇော်ဇော်သည် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းများတည်းခိုရာ Federal KL Hotel သို့ သွားရောက်ပြီး အားပေးစကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားအသင်းနှင့်တွေ့ဆုံရာတွင် ဦးဇော်ဇော်က “ပွဲစဉ်တိုင်း၊ ပြိုင်ဘက်တိုင်းကို လေးလေးစားစား ယှဉ်ပြိုင်ကြပါလို့ ပြောချင်တယ်။ အသင်းတိုင်းကလျှော့တွက်လို့မရဘူး။ တစ်ဦးချင်းကစားရင် ၁၀ ရာခိုင်နှုန်းလောက်ပဲကောင်းမယ်။ စုပေါင်းပြီး ညီညီညွတ်ညွတ်ကစားရင်တော့ ၁၀၀ ရာခိုင်နှုန်းကောင်းမယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကိုယ့်နေရာကိုယ်တာဝန်ယူပြီး စည်းစည်းလုံးလုံးယှဉ်ပြိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စုပွဲ ၂ ပွဲကစားပြီးချိန်တွင် စင်ကာပူအသင်းကို ၂-၀၊ လာအိုအသင်းကို ၃-၁ ဂိုးရလဒ်များဖြင့် အနိုင်ရထားသည်။ အိမ်ရှင်မလေးရှားအသင်းမှာလည်း ၂ ပွဲစလုံးအနိုင်ရထားသော်လည်း မြန်မာအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိသည်။

မြန်မာအသင်းသည် လာအိုအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပွဲပြီးခါနီးအထိ တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့ရပြီး ရွှေကိုနှင့်လှိုင်းဘိုဘိုတို့၏နောက်ကျဂိုးများကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့်လည်း အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲ နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်ကစားရန် ဦးဇော်ဇော်က အားပေးစကားပြောဆိုခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် ထိုင်းအသင်းကို ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ထားပြီး ယနေ့ည ရး၁၅ တွင် အိမ်ရှင်မလေးရှားအသင်းနှင့် အုပ်စုဒုတိယပွဲစဉ်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly