ဂျပန်တွင် တိရစ္ဆာန်ရုံက ပျောက်သွား၍ ဆုကြေး ယန်းငွေ ငါးသိန်း ထုတ်ထားသော ကမ္ဘာ့လိပ်ကြီးအား ပြန်တွေ့

ဂျပန်တွင် တိရစ္ဆာန်ရုံက ပျောက်သွား၍ ဆုကြေး ယန်းငွေ ငါးသိန်း ထုတ်ထားသော ကမ္ဘာ့လိပ်ကြီးအား ပြန်တွေ့

တိုကျို၊ သြဂုတ် ၁၇ ။           ။ ဂျပန် တိရစ္ဆာန်ရုံတစ်ရုံက လွတ်ထွက်သွားကာ နှစ်ပတ်ကြာ ပျောက်ဆုံးနေခဲ့သည့် ကမ္ဘာ့လိပ်မကြီးတစ်ကောင်ကို တိရစ္ဆာန်ဥယျာဉ်မှ မီတာ ၁၄၀ လောက်အကွာတွင် ဘေးမသီရန်မခဘဲ ပြန်လည်တွေ့ရှိရသည်။

အသက် ၃၅ နှစ်ရှိ အလျား တစ်မီတာရှိသော အဘူလိပ်မကြီးသည် အိုကာယာမာ စီရင်စု ရှီီဘူကာဝါတိရစ္ဆာန်ဥယျာဉ်မှ သြဂုတ်အစောပိုင်းတွင် လွတ်လပ်စွာ သွားလာခွင့်ပြုသည့် အချိန်အတွင်း လွတ်ထွက်သွားခြင်း ဖြစ်သည်။

လိပ်မကြီးကို တိရစ္ဆာန်ရုံစောင့်များက ခြေရာကောက် ရှာတွေ့နိုင်ခြင်း မရှိဘဲ ဖြစ်နေရာ ၎င်းအား ဘေးမသီရန်မခ ပြန်ပို့ပေးနိုင်သူကို ယန်း ငါးသိန်း(အမေရိကန်ဒေါ်လာ ၄၅၀၀) ပေးအပ်မည်ဟု ဆုကြေးထုတ် ကြေညာထားခဲ့ရသည်။

ထိုဆုကြေးက ထိရောက်အောင်မြင်ခဲ့သည်။ မျက်စိရှင်သော ဆုကြေးလိုချင်သူတစ်ဦး၏ အသည်းအသန် အားထုတ်မှုကြောင့် ချုံများအတွင်း တွားသွားနေသော လိပ်မကြီးအဘူကို ပြန်တွေ့လိုက်ခြင်း ဖြစ်သည်။

"ကလေးတွေ ချစ်တဲ့ အဘူလိပ်မကြီးကို ခုလို ဘာမှမဖြစ်ဘဲ ပြန်တွေ့လို့ ကျွန်တော်တို့ စိတ်အေးရပါပြီ။"ဟု တိရစ္ဆာန်ရုံဝန်ထမ်း ယိုရှီီမီက ပြောသည်။

အဘူလိပ်မကြီးသည် အလေးချိန် ၁၂၁ ပေါင် ရှိကာ ဉာဉ်ကောင်းသည့် လိပ်မကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

"နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်ဖို့ ကျွန်တော်တို့ နည်းလမ်းသစ်တွေ ဖော်ဆောင် လုပ်ကိုင်သွားမှာပါ။"ဟု ၎င်းက ပြောခဲ့သည်။

ယခု လိပ်မကြီး ပျောက်ဆုံးမှုသည် တစ်လအတွင်း နှစ်ကြိမ်တိုင် ပျောက်ဆုံးမှုလည်း ဖြစ်သည်။

တိရစ္ဆာန်ရုံသို့ လိပ်မကြီးအဘူ ပြန်လည်ရောက်ရှိလာခြင်းကို ဂျပန် NHK ရုပ်သံဌာနကြီးက အထူးသတင်းအဖြစ် ထုတ်လွှင့် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly