ဘာစီလိုနာကို နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးနဲ့ ရီးယဲလ်တို့ အနိုင်ရပြီး စပိန်စူပါဖလား (၁၀)ကြိမ်မြောက် ဆွတ်ခူး

ဘာစီလိုနာကို နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးနဲ့ ရီးယဲလ်တို့ အနိုင်ရပြီး စပိန်စူပါဖလား (၁၀)ကြိမ်မြောက် ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ)

ဒီကနေ့ မနက်အစောပိုင်းက ဘာနေဗျူးမှာ ကစားသွားတဲ့ စပိန်စူပါဖလား ဒုတိယအကျော့မှာ ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးနဲ့ စပိန်စူပါဖလားကို (၁၀)ကြိမ်မြောက်ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ စီရော်နယ်လ်ဒို မကစားနိုင်ပေမယ့် စပိန်နှင့် ဥရောပချန်ပီယံအသင်းဟာ ပွဲကို စိုးမိုးခဲ့တာကာ အသာစီးရယူထားနိုင်တာကိုမြင်တွေ့ရပါတယ်။

ပထမအကျော့ ရီးယဲလ်က ၃-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ အဆန်စီယိုက ပွဲချိန်အစောပိုင်း ၄ မိနစ်မှာ ၂၅ ကိုက်အကွာကနေ ကောင်းမွန်တဲ့ အဝေးကန်ချက်ကနေ ဂိုးသွင်းယူပြီး ရီးယဲလ်တို့ (၁-၀) ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ရီးယဲလ်တို့အတွက် နောက်ထပ်တစ်ဂိုးကိုတော့ နောက်ခံလူ မာဆယ်လိုက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီမာက တစ်ချက်ထိန်းပြီး ဘာကာနောက်ခံလူ အွမ်တီတီကို တစ်ချက်လှည့်ကာ ပထမပိုင်း ပွဲချိန် ၃၉ မိနစ်မှာပဲ သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ နေမာ မရှိတဲ့ တိုက်စစ်မှာ လိုအပ်ချက်များရှိနေတဲ့အပြင် ခံစစ်ပိုင်းမှာလည်း အားနည်းချက်များ ရှိခဲ့ပြီး ဒီနေ့ပွဲမှာ မက်ဆီနှင့် ဆွာရက်ဇ်တို့ရဲ့ ကန်သွင်းမှုတွေကလည်း လွှဲချော်ပြီး ဂိုးကံခေနေပါတယ်။

ရီးယဲလ်အသင်းဟာ ပထမပိုင်းမှာပဲ နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း အချိန်တွေမှာ ဂိုးထပ်မရရှိတော့ဘဲ နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးနဲ့ ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးယဲလ်အသင်းမှာ နည်းပြသက်တမ်း ၂ နှစ်မပြည့်ခင်မှာ ချန်ပီယံလိဂ် နှစ်ကြိမ်ဆက်နှင့် ၂၀၁၆-၁၇ လာလီဂါဖလားတွေကိုလည်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုလို စွမ်းဆောင်ရည်တွေက ရီးယဲလ်အသင်းကို အနိုင်ရယူဖို့ဆိုတာ ခက်ခဲနေအုံးမှာဖြစ်ပါတယ်။

စပိန်စူပါဖလား ဒုတိယအကျော့ရလဒ်

ရီးယဲလ်မက်ဒရစ် ၂-၀ ဘာစီလိုနာ (နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဖြင့် ဖလားဆွတ်ခူး)
အဆန်စီယို ၄ မိနစ်
ဘန်ဇီမာ ၃၉ မိနစ်

စပိန်စူပါဖလား ချန်ပီယံများ

ဘာစီလိုနာ - (၁၂) ကြိမ်
ရီးယဲလ် - (၁၀) ကြိမ်
ဒီပို့တီဗို - (၃) ကြိမ်
အက်သလက်တီကို၊ ဘီလ်ဘာအို - (၂) ကြိမ်
ဗလင်စီယာ၊ ဆီဗီလာ၊ ဇာရာဂိုဇာ၊ မာယော့ကာ၊ ဆိုစီဒက် - (၁)ကြိမ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly