မူးယစ်စစ်ပွဲတွင် တစ်ရက်တည်း လူ ၃၂ ဦး သတ်ခဲ့သည့် ရဲများကို ဒူတာတေး ချီးကျုးကာ များများ ပိုသတ်ရန် တိုက်တွန်း

မူးယစ်စစ်ပွဲတွင် တစ်ရက်တည်း လူ ၃၂ ဦး သတ်ခဲ့သည့် ရဲများကို ဒူတာတေး ချီးကျုးကာ များများ ပိုသတ်ရန် တိုက်တွန်း

မနီလာ၊ သြဂုတ် ၁၆ ။            ။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်ရဲများ၏ ရှောင်တခင် အလစ်အငိုက် ဖမ်းဆီးသုတ်သင်မှုများအတွင်း တစ်ရက်အတွင်း လူ ၃၂ ဦး သုတ်သင်သတ်ဖြတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို သမ္မတ ဒူတာတေးက သြဂုတ် ၁၅ ရက်တွင် ချီးကျုးလိုက်ပြီး  မူးယစ်ဆေးဝါး သံသယရှိသူများကို  နေ့စဉ်နေ့တိုင်း ဒါဇင်များစွာ သုတ်သင်သတ်ဖြတ်ပစ်ရန် ရဲတပ်ဖွဲ့အား တိုက်တွန်းလိုက်သည်။

လူထောင်ပေါင်းများစွာ သေဆုံးသည့် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲသည် ကတိပြုထားသည့်အတိုင်း မြန်မြန်ဆန်ဆန် အောင်မြင်မှု မရနိုင်သေးကြောင်း၊ အကျင့်ပျက်ခြစားသည့် ရဲဝန်ထမ်းများ ရှိနေကြောင်း ဒူတာတေးက ဝန်ခံပြောဆိုထားဖူးသည်။

မူးယစ်စစ်ဆင်မှုများအတွင်း သေဆုံးမှုအများဆုံး စီးနင်းမှုအဖြစ် သြဂုတ် ၁၄ ရက်က မြို့တော် မနီလာနှင့် ကပ်လျက် ဘူလာကန်ပြည်နယ်က မူးယစ်မှောင်ခို သံသယရှိသူများအား စီးနင်းမှုများတွင် ရဲတပ်ဖွဲ့က တစ်ရက်အတွင်း လူပေါင်း ၃၂ ဦးအား သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။

"ဘူလာကန်က စီးနင်းမှုကြီးဟာ တစ်ချီတစ်သုတ်တည်းနဲ့ ၃၂ ယောက် ရှင်းပစ်နိုင်ခဲ့တာပါ။ ဒါ သိပ်ကောင်းတာပေါ့။"ဟု မူးယစ်စစ်ပွဲအား ကျောထောက်နောက်ခံ ပြုထားသည့် ရာဇာဝတ်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ရပ်သို့ မိန့်ခွန်းပြောရာ၌ ဒူတာတေးက ထည့်သွင်းပြောခဲ့သည်။

"နေ့တိုင်းနေ့တိုင်း ၃၂ ယောက် သုတ်သင်ပစ်သွားနိုင်မယ်ဆိုရင် ဒီနိုင်ငံကို ဒုက္ခပေးနေတာကို လျှော့ချပစ်လိုက်နိုင်မှာပဲ။"ဟု ၎င်းက ပြောသည်။

အစောပိုင်းက ဘူလာကန်ပြည်နယ် ရဲချုပ် ကာရမတ်က ပြည်သူသို့ အသိပေးသည့် သတင်းစာရှင်းလင်းပွဲတွင် ယခု စီးနင်းမှုများအတွင်း မူးယစ်ဆေးဝါး သံသယဖြင့် ဖမ်းဆီးထားသူ ၁၀၉ ဦး ရှိသည်ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်ခန့် ဒူတာတေး သမ္မတ ဖြစ်လာပြီးချိန်မှစကာ မူးယစ်ဆေးဝါးစီးနင်းမှုများအတွင်း လူပေါင်း ၃၄၅၀ ကို ရဲတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း အစိုးရ အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly