``ဆွမ်းဆန်ထဲ ရောနေသော´´

``ဆွမ်းဆန်ထဲ ရောနေသော´´

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ် ပေါ်၍ လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပေါ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၂) ခုတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလျှက်ရှိသည်။ အချို့ပြည်နယ် တိုင်းဒေသကြီးများတွင်ပင် ရေပြန်လည်ကျဆင်း လျှက်ရှိပြီ၊ ရင်ဆိုင်နေရဆဲ ရေဘေး အန္တရာယ်ကြောင့် သြဂုတ်လ (၅) ရက်နေ့အထိ လူ ၆၉ ဦး သေဆုံးပြီး အိမ်အလုံးရေ ၆၀၀၀ ကျော် ပျက်ဆီးကာ အိမ်အလုံးရေ ၄၀၀၀၀ နီးပါးအထိ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် ရေဘေးဒဏ်ခံစားရသူ လူဦးရေမှာ ၂၅၀၀၀၀ ကျော်ရှိပြီး၊ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၅၀ကျော်ထောက်ပံ့ပေး ခဲ့သည်ဟု သတင်းဖော်ပြချက် များတွင် တွေ့ရှိရသည်။

ထိုကြောင့်လည်း ယခုမြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ကြုံတွေ့ခံစားနေရသော  ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်မှာ ၂၀၀၈ ခုနှစ်၊မေလ (၁)ရက်နေ့တွင် တိုက်ခတ်ခဲ့၍ လူပေါင်း ၇၈၀၀၀ကျော်သေဆုံး ပြီး  ၆၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နာဂစ်မုန်တိုင်းပြီးလျှင် ဒုတိယအရိုက်ခတ်ဆုံး ရေကြီးရေလျှံ သဘာဝဘေး အန္တ ရာယ်ကြီးအဖြစ် မြင်တွေ့ရသည်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀အတွင်း မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် အကြိမ်ပေါင်း ၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ယင်းတို့အနက် ရေကြီး မှုက အကြိမ်အများဆုံးဖြစ်၍ မုန်တိုင်းကြောင့် လူအသေအပျောက် အများဆုံးဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ကျရောက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် ဂီရီမုန် တိုင်း ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မကွေးတိုင်းရေကြီးမှု၊ ၂၀၁၂ ခုနှစ် တွင်မြန်မာနိုင်ငံ အနှံ့ရေ ကြီးမှု ၂၀၁၃ ခုနှစ်တွင် အပူပိုင်းမုန်တိုင်း တိုက်ခတ်မှု စသည့်အန္တရာယ်တို့၏ သက်ရောက်မှုများကို ခံစားခဲ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အာရှပစိဖိတ်ဒေသ၌ သဘာဝဘေးအန္တရာယ် အများဆုံးနိုင်ငံအဖြစ် သတ် မှတ်ခံရပြီး  အာရှဒေသတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်သက်ရောက်နိုင်ခြေ အများဆုံးမြို့များတွင် ရန်ကုန်မြို့ သည် အဆင့်(၄) နေရာတွင် ရှိ၏။

လက်ရှိဖြစ်ပွားပေါ်ပေါက်လျက်ရှိသော သဘာဝဘေးအန္တရာယ်တွင် ကြုံတွေ့ခံစားနေရသော ရေဘေးသင့် ပြည် သူများအား အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ပရဟိတအသင်းများ၊  တစ်ပိုင်တစ်နိုင် စုပေါင်း လှူဒါန်းသူများနှင့် နိုင်ငံတကာ မှ ငွေအား၊ ပစ္စည်းအားဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ပေးနေသည့်တိုင် တာဝန်အရှိဆုံးမှာ နိုင်ငံတော် အစိုးရသာလျှင် ဖြစ်သည်။

ထို့ကြောင့်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်တို့အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေငြာခြင်း၊ နိုင်ငံတော် သမ္မတကိုယ် တိုင် ရေ ဘေးသင့်ဒေသများသို့ သွားရောက်၍ နိုင်ငံတော်တစ်ဝန်း သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူများအား တွေ့ဆုံ အားပေး၍ လှူဒါန်းမှုများ ပြုလုပ်ခြင်း၊ ပြည်ပနိုင်ငံများမှ လှူဒါန်းမှုများပြုပါရန် အကူအညီတောင်းခံခြင်း။ ရေကြီးရေလျှံ ကာလအတွင်း ဆန်ဈေးနှုန်းများ တက်လာသဖြင့် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ဆန်ပို့မှုများ ရပ်ဆိုင်းထားခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် မိမိတို့ မဲဆန္ဒနယ်မြေရှိ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော ရေ ဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၁၀.၈.၂၀၁၅ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် အ စည်းအဝေးများကို ရွှေ့ဆိုင်းခဲ့ပါသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့်လည်း ရေကြီးရေလျှံမှုနှင့် စပ်လျဉ်း၍ မိမိ တို့ တာဝန်ယူရသည့် ဆက်စပ်လုပ်ငန်းရပ်များအပေါ် ပြည်သူများ သိရှိသင့်သည်များကို သတင်းစာ၊ စာစောင်နှင့် ရုပ်မြင် သံကြား အစီအစဉ်များတွင် ကြိုတင်အသိပေးနှိုးဆော်ခြင်း၊ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှုများ အားပြန်လည်အစားထိုးခြင်း ၊ ပြင်ဆင်ခြင်း ရေဘေးသင့်ပြည်သူများ အားငွေကြေးနှင့် ပစ္စည်းများ သွားရောက် လှူဒါန်းမှု များ ဆောင်ရွက်လျှက်ရှိသည်။

သို့တိုင် စစ်ကိုင်းဒေသကြီးအပါအဝင် နိုင်ငံအထက်ပိုင်း ရေကြီးရေလျှံမှုများကို ရက်သတ္တပါတ် နှစ်ပတ်ကြာ ကြုံ တွေ့နေရမှုအပေါ် အစိုးရမှ ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ်ဆယ်ထောက်ပံ့ရေး အားနည်းမှုအပေါ်ဝေဖန် ထောက်ပြမှုများ လည်းရှိသည်။  ရေနံချောင်းမြို့ကဲ့သို့ ဒေသများတွင် တရွာလုံး ရေထဲမျောပါ ပျောက်ဆုံးမှုများကို ထောက်ပြ၍ သဘာဝဘေးအန္တရာယ်မှာ အချိန်မရွေး ကျရောက်နိုင် သဖြင့်ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်လေ့လာမှုများ လုပ်ဆောင်ထားသင့်ကြောင်းနှင့်  ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းကြောင်း ထောက်ပြမှုများရှိသည်။ TV ဖန်သားပြင်ပေါ် တွင် ရေကြီးရေလျှံမှု သဘာဝဘေး အန္တရာယ် ကြုံတွေ့နေရသူများအတွက် လိုအပ်သောအစားအစာ၊ သောက်ရေသန့်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားလိုအပ်သည့် အသုံးအဆောင်များကို ရေဘေးဒဏ်ခံနေ ရသည့် ဒေသများအရောက် တပ်မတော်အပါအဝင်  အစိုးရဌာနများ၊ ပရဟိတအသင်းများ၊ မိတ်ဆွေနိုင်ငံများ၊ တစ်ပိုင်တစ်နိုင် စုပေါင်းလှူဒါန်းသူများ က ပျားပန်းခတ်မျှ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်လှူဒါန်းမှုများကိုကြည့်၍ စာရေးသူတို့ ဇနီးမောင်နှံလည်း မည်သို့ ပါဝင် လှူဒါန်းရမည်ကို တိုင်ပင်ကြသည်။ ထိုစဉ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အလှူခံအဖွဲ့တစ်ဖွဲ့ ရပ်ကွက်အတွင်း လှည့်လည် အလှူခံခဲ့သည့်အပြင် အလှူခံဌာနကို ရပ် ကွက်ဓမ္မာရုံတွင် ဖွင့်လှစ်ထားကြောင်းနှင့် လာရောက်လှူဒါန်းနိုင်ကြောင်း အသံချဲ့စက်မှ ကြားရသည်။

စာရေးသူတို့ ဇနီး မောင်နှံ အကြံအထမြောက်ခဲ့ပြီ။ ဇနီးသည်က အင်္ကျီလုံချည် သုံးလေးစုံကို  ပလပ်စတစ်အိမ်နှင့် ထုတ်ပြီးတော့ စာရေးသူ စာမူခရတိုင်း သူ့အပ်ထားသည့် စာအိပ်လေးများ ထဲမှ ၅၀၀၀ ကျပ်တန် လေးရွက်ကို ထုတ်ယူကာ ရေဘေးသင့် ပြည်သူ များအတွက် အပြေးသွားရောက် လှူဒါန်းခဲ့သည်။ တစ်အောင့်ကြာတော့ စာရေးသူတို့ ဇနီးမောင်နှံ၏ လှူဒါန်းမှုကို ဓမ္မာရုံ အသံချဲ့စက်မှ ကြေညာ သံကြားရသည်။ သည်ထက်လှူနိုင်ရင်ကောင်းမှာပဲဟု အတွေးများတွင် ခံစားရသည်။ အော်ကိုယ် ကလည်း အငြိမ်းစားစာရေးဆရာဆိုတော့ သည်မျှသာဟူ၍ သက်ပြင်းရှည်ချခဲ့မိသည်။ စာရေးသူတို့ အပါအဝင် တစ်နိုင်ငံ လုံးက ယင်းသို့ပါဝင် လှူဒါန်းရန် အင်တိုက်အားတိုက် ကြိုးပမ်းနေချိန်တွင် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် သတင်းစာတစ် စောင်ပါ သတင်းဆောင်းပါးတစ်ပုဒ်က စာရေးသူ၏ စိတ်ကို ခိုးလိုးခုလု ဖြစ်နေစေခဲ့သည်။ အဆိုပါ ဇူလိုင်လ ၃၀ ရက်နေ့ ထုတ် သတင်းဆောင်းပါးတွင် "မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မဒေးဆည်ရေများနေပြီး "ပြိုကျနိုင် သည့် အခြေအနေရှိသည် ဟု သတင်းများစွာ ထွက်ပေါ်နေခြင်းကြောင့် ဆည်အောက်ရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ စိုးရိမ်နေ" ခေါင်းစဉ်ဖြင့် ဖော်ပြသည့် သတင်းဆောင်းပါးတွင် ဆည်ရေများနေပြီ၊ ဆည်ကျိုးနိုင်သည်ဟူသော သတင်းများ ပြန့်နေသဖြင့် ဒေသခံများက မကွေးတိုင်း ဆည်မြောင်းတညဆောက်ရေး (၃) သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။ ယင်းရုံးမှ ဆည်မြောင်းထိန်းသိမ်းရေးသို့ ဆက်ရန်ဖုန်းနံပါတ်ပေးခဲ့သည်။

ဖုန်းလာမကိုင်ဟုဆိုသည်။ သို့နှင့် သရက်ခရိုင် ဆည်မြောင်းရုံးသို့ ဖုန်းဆက် မေးမြန်းခဲ့သည်။ ဦးစီးမှူး မင်းဘူးသွားသဖြင့် ဖြေမည့်သူ မရှိကြောင်း။ ယင်းဆည်မှာ ပဲခူး တိုင်းဒေသကြီး ပြည်မြို့၊ ဆည်မြောင်း တည်ဆောက်ရေးက ဆောက်လုပ်ပြီး ၊ ယင်းတို့ လက်ထဲတွင်သာရှိ၍ ဆည်မြောင်း ရုံးသို့ မလွှဲပေးရသေး ဟုဆိုသည်။

ဆည်အောက်ရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူများအားလုံး သေရေးရှင်ရေးတမျှ အရေကြီးနေချိန်တွင်  သူတို့ရင်ထဲ က ဘာတွေဖြစ်နေသည်ကို စာဖတ်သူများ ခံစားကြည့်ပါ။ ယင်းသို့ တစ်ဦးနှင့်တစ်ဦး လွှဲချနေခြင်းသည် ဌာနများအား လှောင်ပြောင်သည့် စကားဖြင့်ပြောရလျှင် ဘော်လီဘောပုတ်နေသည်ဟု ဆိုရမည်။ ပြည်သူ့ ဘဏ္ဍာစား၍ အသက်မွေး ဝမ်းကျောင်းပြုနေသော ပြည်သူ့ဝန်ထမ်းများအနေနှင့် ယခုကဲ့သို့ ပြည်သူများ ဘေးအန္တရာယ်နှင့် ကြုံတွေ့ချိန်တွင် ပြည် သူတို့၏ အသက်အိုးအိမ်နှင့် ပတ်သက်၍ ထိတ်လန့်တုန်လှုပ်နေရသော အခြေအနေနှင့် အချိန်အခါကို စာနာနားလည်စွာဖြေကြားဆောင် ရွက်ပေးသင့်လှပေသည်။ ယင်းသတင်းလေးကိုဖတ်ရင်း နိုင်ငံတော်သမ္မတပါမကျန် စိုးရိမ်တကြီးနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ပရဟိတအသင်းများ၊တပိုင်တနိုင် စုပေါင်းအလှူရှင်များအနေနှင့်ရေကြီးရေ လျှံကြုံတွေ့ နေ ရသော မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများရရှိရေး ပျားပန်းခတ်မျှ ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ စုန်းပြူးများ မရှိသင့်သည်တော့ အမှန်ပင်။ ယင်းအ ဖြစ်များကို စဉ်းစားရင်း စာရေးသူ တို့ ငယ်စဉ်က အမများဆွမ်းချက်ရန် ဆန်ရွေးသည့်အခါ အမေပြောနေကျ စကားလေးကို အမှတ်ရ မိသည်-

" ဆွမ်းဆန်ထဲ ကြွက်ချေး မရောစေနဲ့ဟေ့" ဟူ၍။

အထက်တွင်ဖော်ပြခဲ့သော ဆည်မြောင်းဌာန ဝန်ထမ်းများ၏ လုပ်ရပ်သည် ဆွမ်းဆန်ထဲသို့ ကြွက်ချေးရောသကဲ့ သို့ ဖြစ်နေသည်ဟုဆိုလျှင် မြန်မာနိုင်ငံ တစ်နံတစ်လျား၌ နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွားပေါ်ပေါက်နိုင်သော သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့်အခါ တာဝန်ရှိ နိုင်ငံ့ဝန်ထမ်းများအနေနှင့် ဌာနတာဝန်ထမ်းဆောင်ရာတွင် မိမိတို့ ထ မင်းရှင် ပြည်သူများ၏ ကျေးဇူးကို တုန့်ပြန်သောအားဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးရမည့်အပြင် ဝန်ထမ်းပီသစွာ ပြောဆိုဆက်ဆံ လုပ်ကိုင်ဆောင်ရွက်ရမည်သာဖြစ်ပါကြောင်း။

အကာကိုကို
လိပ်စာ        -    ဦးအောင်ကို၊ ဒုညွှန်မှူး(အငြိမ်းစား)၊ အလုပ်သမားဝန်ကြီးဌာန
            အမှတ်(424)၊ စေတနာ(2)လမ်း၊ (43)ရပ်ကွက်၊ ဒဂုံမြောက်။
            ဖုန်း - 584722၊ 09 5125238

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags