MTV ဂီတဗီဒီယိုဆုပေးပွဲ၌ Vanguard ဆု ရရှိမည့် အဆိုတော် Pink

MTV ဂီတဗီဒီယိုဆုပေးပွဲ၌ Vanguard ဆု ရရှိမည့် အဆိုတော် Pink

အမေရိကန်ရုပ်သံလိုင်း MTV က ပေါ့ပ်ကြယ်ပွင့် Pink အား လာမည့်သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၇ MTV ဂီတဆုပေးပွဲ၌ သီချင်းဗီဒီယိုများအတွက် တစ်သက်တာအောင်မြင်မှု မှတ်တမ်း ဆုတံဆိပ်ဖြစ်သော Vanguard Award ဆုကို ပေးအပ်ချီးမြှင့်ရန် ရွေးချယ်ထားကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ Pink သည် သူမ၏အားကောင်းလှသော အသံနှင့် တိုက်ရိုက်တင်ဆက်မှုများ၌ အံ့သြ လောက်အောင် သီဆိုနိုင်မှုကြောင့် ပရိသတ်များ၏ အားပေးမှုကိုရရှိထားပြီး သူမ၏ ဂီတသက်တမ်း ၁၇နှစ်တာ ကာလအတွင်း၌ သူမ၏ ဂီတ၊ ဖက်ရှင်တို့ဖြင့် ထင်ရှားသူတစ်ဦးဖြစ်သည်။

ဖီလာဒယ်လ်ဖီးယားမြို့၌ မွေးဖွားခဲ့သော Pink သည် ဂီတလောကသို့ စတင်ခြေချခဲ့သည့် ၂၀၀၀ခုနှစ်ကတည်း က ယခုအချိန်ထိ စတူဒီယိုအယ်လ်ဘမ် ၆ ချပ်ခန့်ထွက်ရှိထားခဲ့ပြီး ဂရမ်မီဆု ၃ဆုနှင့် MTV Music Awards ၆ ဆုတို့ကို ဆွတ်ခူးထားနိုင်ခဲ့သည်။

သူမသည် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များ အာဟာရပြည့်စုံစွာ ရရှိရေးအတွက် UNICEF မှ ခန့်အပ်ထားသော သံတမန်တစ်ဦးဖြစ်ယုံသာမက လူ့အခွင့်အရေးအတွက် တက်ကြွစွာ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။

Pink ကို လာမည့်သြဂုတ်လ ၂၇ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားမည့် MTV Video Music Awards ၌ Vanguard ဆုကို ပေးအပ်သွားမည်ဖြစ်ပြီး သူမသည် ထိုပွဲ၌ သူမ၏သီချင်းအသစ်ဖြစ်သော What About Us ကို ဖျော်ဖြေရန် စီစဉ်ထားသည်။

Vanguard ဆုကို ရရှိထားသော အခြားနာမည်ကြီး အဆိုတော်များမှာ ရီဟားနား၊ ကန်ယေးဝတ်စ်၊ ဘီယွန်းစေး နှင့် မိုက်ကယ်ဂျက်ဆန်တို့ဖြစ်ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags