g&g ၂၄ နာရီဆိုင်အတွင်း လုယက်မှုအား စစ်ဆေးရာ အခြား g&g ၄ ဆိုင်တွင် လုယက်ခဲ့ကြောင်း တွေ့ရှိ

g&g ၂၄ နာရီဆိုင်အတွင်း လုယက်မှုအား စစ်ဆေးရာ အခြား g&g ၄ ဆိုင်တွင် လုယက်ခဲ့ကြောင်း တွေ့ရှိ

ရန်ကုန်၊ သြဂုတ်လ ၁၆ ။          ။ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီကျော်က ၂၄ နာရီ ဖွင့်လှစ်ထားသော g&g စတိုးဆိုင်အတွင်း ဓားထောက်လုယက်ခဲ့သော လူငယ် ၄ ဦး အား ဖမ်းဆီးစစ်ဆေးခဲ့ရာ အခြား g&g စတိုးဆိုင် ၄ ဆိုင်တွင် ဓားထောက်လုယက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ g&g စတိုးဆိုင်တွင် အသက် ၁၈ နှစ်အရွယ် စည်သူလွင်၊ အသက် ၂၃ နှစ်အရွယ် အာယုကျော်၊ အသက် ၁၉ နှစ်အရွယ် ဖိုးလ ပြည့်(ခ)အောင်ပြည့်မြတ်နှင့် အသက် ၁၈ နှစ်အရွယ် ကျော်ထူး(ခ)လှမျိုးနိုင်တို့ က ကျပ် ဆိုင်ကောင်တာ အံဆွဲအတွင်းရှိ စျေးရောင်းချရငွေ ကျပ် ၄ သိန်းခန့်နှင့် အရောင်းဝန်ထမ်းနှစ်ဦးထံက ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊ Oppo Neo-7 လက်ကိုင်ဖုန်း၊ Mi 4-X လက်ကိုင်ဖုန်းနှင့် ဖုန်းငွေဖြည့်ကတ် မျိုးစုံ စုစုပေါင်းတန်းဖိုးငွေကျပ် ဆယ်သိန်းကျော်ဖိုးတို့အား ဓားထောက်လုယက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား စစ်မေးရာမှ ဓားထောက်လုယက်မှု အမှုဟောင်း ၂ မှုနှင့် အခြားဓား ထောက်လုယက်မှု ၂ မှုတို့ ထပ်မံပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၁ ရက်၊ နံနက် ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးရေခဲလမ်းထောင်ရှိ g&g စတိုးဆိုင် သို့ ဝင်ရောက်ကာ အရောင်းဝန်ထမ်းအမျိုးသမီးနှစ်ဦးကို ဓားထောက်ပြီး အံဆွဲအတွင်းမှ ငွေကျပ် ၉၈ဝဝဝ၊ Huawei အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံး၊ အမျိုးအစားမသိ လက်ကိုင်ဖုန်းတစ်လုံးနှင့် ရွှေလက်စွပ်တစ်ကွင်း တို့အား လုယူခဲ့သည်။

အဆိုပါ သြဂုတ်လအတွင်းမှာပင် သြဂုတ်လ ၁ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ g&g စတိုးဆိုင်တွင် ဆိုင်ဝန်ထမ်းနှစ်ဦးအား ဓားဖြင့်ထောက်ကာ လုယက်မှုကျူးလွန်ခဲ့သည်။

ဇူလိုင်လအတွင်း၊ နံနက် ၂ နာရီခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ g&g စတိုးဆိုင်သို့ သွားရောက်ခဲ့ပြီး ဝန်ထမ်းအမျိုးသားအား ဓားထောက်ကာ လုယက်မှုကျူး လွန်ခဲ့ပြီး မတ်လ ၁၈ ရက်၊ နံနက် ၄ နာရီခွဲအချိန်ခန့်ကလည်းအလုံမြို့နယ်၊ ဌာန ရပ်ကွက်၊ ငုဝါလမ်းထိပ်အနီးရှိ g&g စတိုးဆိုင်အတွင်း ဝင်ရောက်ပြီး အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားထောက်ကာ အံဆွဲအတွင်းမှ ငွေကျပ် ၂၅၄ဝဝ၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ Samsung Galaxy Note II အမျိုးအစားလက်ကိုင်ဖုန်းတို့အား လုယက်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။

စမ်းချောင်းရှိ စတိုးဆိုင် လုယက်မှုအတွက် ထိန်းသိမ်းထားသော ကျူးလွန်သူ ၄ ဦးနှင့်အတူ  လူ ၅ ဦးပါ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ပြီး လွတ်မြောက်နေသူများဖြစ်သည့် ရှောင်ပေါင်း (ခ) ဝေရှောင်ပေါင်း (ခ)ပြည့်ဖြိုးအောင်နှင့် ဆိုးပေ(ခ)အောင်ဖြိုးကျော်တို့နှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကာ အဆိုပါ ဓားထောက်လုယက်မှုများနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူ ရ ဦး ထိ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly