ကျေးလက်မီးလင်းရေးကော်မတီများ ဖျက်သိမ်းရန် လွှတ်တော်တွင် အဆိုတင်

ကျေးလက်မီးလင်းရေးကော်မတီများ ဖျက်သိမ်းရန် လွှတ်တော်တွင် အဆိုတင်
လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာတွေကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ပဲခူးတိုင်းထဲက ဓာတ်အားလိုင်းတစ်ခု(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံအဝှမ်းရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရန် ဖွဲ့စည်းထားသော ကျေးလက်မီးလင်းရေးကော်မတီများသည် ငွေကြေးအလွဲသုံးစားလုပ်မှုများ ရှိနေသည်ဟုဆိုကာ အဆိုပါ ကော်မတီများကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက လွှတ်တာ်တွင် အဆိုတင်သွင်းလိုက်သည်။

ကျေးလက်မီးလင်းရေးကော်မတီများကို ဖျက်သိမ်းပြီး လျှပ်စစ်မီးနှင့် ပတ်သက်သော ကိစ္စရပ်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်းက ဩဂုတ်လ ၁၆ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ကျေးလက်လျှပ်စစ်မီးလင်းရေးကော်မတီများမှ ပုံစံအမျိုးမျိုးဖြင့် ကျေးရွာပြည်သူများအပေါ် ငွေကြေးအလွဲသုံးစားလုပ်နေမှုနှင့် လျှပ်စစ်ဥပဒေကို လက်တစ်လုံးခြား လုပ်ဆောင်နေမှုကို အရေးယူဆောင်ရွက်နိုင်စေရန်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျေးလက်ဒေသအတွက် လျှပ်စစ်သုံးစွဲရာတွင် စနစ်တကျဖြစ်ရန် မူဝါဒများ ချမှတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ယင်းအဆိုကို လွှတ်တော်တင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုရှင် မိကွန်ချမ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်လောက်က စတင်ခေတ်စားလာသည့် ကျေးလက်မီးလင်းရေးကော်မတီကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ဦးဆောင်ဖွဲ့စည်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း လျှပ်စစ်ဌာန၏ ခွင့်ပြုချက်ရယူကာ ဒေသခံများ၏ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်မှုဖြင့် လျှပ်စစ်မီး သွယ်တန်းသည့်စနစ် ဖြစ်သည်။

လျှပ်စစ်မီး ရရှိရန်အတွက် တစ်အိမ်လျှင် ၁၂သိန်းအထိ ပေးရသည်ဟု အဆိုရှင် မိကွန်ချမ်းက သူမ၏ မြို့နယ်က အဖြစ်အပျက်ကို လွှတ်တော်တွင် ရှင်းပြသည်။

“မီတာတစ်လုံးကို ၁၂သိန်းပေးမှသာ မီးလင်းရပါတယ်။ ငွေကြေးအကုန်အကျခံနိုင်တဲ့သူက စတင်ထည့်ဝင်ပြီး ဥပမာ- သိန်း(၂)ထောင် ကုန်ကျမယ်ဆိုရင် အိမ်ခြေ(၁၀၀၀)ရှိခဲ့ရင် တစ်အိမ်ကို ၂သိန်းသာ ကုန်ကျပါမယ်။ ကြိုတင်စိုက်တဲ့ အိမ်များအတွက် ပြန်အမ်းသင့်ပါတယ်။ ဒါပေမယ့် မီးလင်းရေးကော်မတီကတော့ ဈေးနှုန်း လျော့သွားခြင်းမရှိဘဲ ၁၂သိန်းကနေ ၁၀သိန်း၊ ရသိန်း၊ ၅သိန်း တဖြည်းဖြည်း ကောက်ခံတဲ့အတွက် အရင် ပိုပေးခဲ့ရတဲ့သူတွေက ငွေစာရင်းရှင်းတမ်း တောင်းခံတော့ အလွဲသုံးစားလာတာတွေ ပေါ်ပေါက်လာပါတယ်” ဟု မိကွန်ချမ်းက ပြောသည်။

သူမ၏ ပေါင်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ခန့်တွင် အဆိုပါ ပြဿနာ ကြံုတွေ့နေရသည်ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မိကွန်ချမ်းက မီဒီယာများကို ပြောဆိုသည်။

“အချို့ကျေးရွာတွေမှာ ငွေကြေးချို့တဲ့တဲ့ သူတွေဆိုရင် ဆက်လက် ငွေမသွင်းနိုင်တဲ့အတွက် သူများအိမ် မီးလင်းပေမယ့် မိမိအိမ်မှာတော့ မီးတပ်ဆင်ခွင့် မရပါဘူး” ဟုလည်း မိကွန်ချမ်းက ဆိုသည်။

မိကွန်ချမ်း၏ အဆိုကို ထောက်ခံသည့် သံဖြူဇရပ်မြို့နယ်အမတ် ဦးဉာဏ်ဟိန်းကလည်း ၎င်း၏ မြို့နယ်ရှိ ဒေသခံတချို့မှာ အစိုးရက တရားဝင်ကောက်ခံသည့် ဓာတ်အားခနှုန်းထားထက် ပိုမိုကာ ကျေးလက်မီးလင်းရေးကော်မတီက ခေါင်းပုံဖြတ် ကောက်ခံသည့် နှုန်းထားကို ပေးဆောင်နေရသည်ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

မိကွန်ချမ်း၏ အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသည့်အတွက် အဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအနေဖြင့် ဩဂုတ်လ ၁၇ရက်၊ ညနေ ၄နာရီထက် နောက်မကျဘဲ ပြည်သူ့လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးကြရန် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းထားသည်။

လက်ရှိတွင်မူ တစ်နို်င်ငံလုံး၏ ၃၈ဒဿမ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိသေးပြီး လာမည့် ၂၀၃၀တွင်မူ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရန် အစိုးရက စီမံချက် ချမှတ်ထားသည်။

လျှပ်စစ်မီးလင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ယခုလ ရရက်က ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ်သော စကားဝိုင်းတစ်ခုတွင် အောက်ပါအတိုင်း ပြောဆိုထားသည်။

“လူနည်းစုကပဲ လျှပ်စစ်ရဲ့ အကျိုးကိုခံစားနေရ တယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးဟာ ၂၀၃၀ မှာ လျှပ်စစ်မီး ရအောင် ၂၀၃၀ ဆိုတော့ အခုတွက်လို့ရှိရင် အချိန်ကကျန်သေးတယ်။ ၁၃ နှစ် တောင်ကျန်သေးတယ်လို့ ပြောပါလိ့မ်မယ်။ ဟုတ်ပါတယ် ကြာပါတယ်။ ကျွန်မတို့က တကယ်တော့ ၁၃ ရက်တည်းနဲ့ ရအောင်လုပ်လို့ရရင် ရတယ်ဆိုရင် လုပ်ချင်တာပေ့ါ။ ၁၃ နာရီနဲ့ ရအောင်လုပ်လို့ရရင်လည်း ပိုပြီးတော့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မတို့က လက်တွေ့ကျကျ စဉ်းစားရတယ်။ စဉ်းစားတဲ့အခါမှာ ကျွန်မတို့ တစ်နိုင်ငံလုံး လျှပ်စစ် မီးရဖို့အတွက် ဆိုရင်၂၀၃၀ လောက်ထိ သေသေချာချာ စီမံကိန်းချပြီးတော့ လုပ်ယူရမယ်လို့ ပညာရှင်တွေရော၊ သက်ဆိုင်ရာ အစိုးရဌာနတွေရော ဒီအဖြေထွက်လာပါတယ်။ အဲ့ဒီဟာကို ဦးတည်ပြီးလုပ်သွားပါမယ်။ ဒီကြားထဲမှာလည်း တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင်လုပ်ပ့ါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly