သဘာဝဘေးအန္တရာယ် ကျရောက်ချိန် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ

သဘာဝဘေးအန္တရာယ် ကျရောက်ချိန် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ

စတုထ္ထမဏ္ဍိုင်ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍနှင့် ပတ်သက်၍ အလျဉ်းသင့်တိုင်း ပြောဆိုနေကြသည်။ အစိုးရကို တာဝန်ခံမှုရှိအောင်၊ အစိုးရ၏ အားနည်းချက်များ ကို ဝေဘန်ထောက်ပြဖို့ ဆိုသည့် တာဝန်၊ အစိုးရသာမက အများနှင့် သက် ဆိုင်သည့် မည်သည့် အဖွဲ့အစည်းမဆိုအများကို တာဝန်ခံမှုရှိစေရန် ပွင့်လင်းမြင်သာမှုရှိစေရန် စောင့်ကြည့်ဝေဖန်ဖို့၊ မသမာမှု များကို စောင့်ကြည့်ဖေါ်ထုတ်ရေးသားဖို့ စသည်၊ စသည် တာဝန်များ သည် သတင်းမီဒီယာ၏ အရေးကြီးလှသည့် တာဝန်များပင်ဖြစ်သည်။

သတင်းမီဒီယာ သမားများအနေဖြင့် သတင်းအလုပ်လုပ်ကိုင်ရာတွင် အစဉ်ထည့်သွင်း စဉ်းစားရသော ဦးစားပေးရသော အရာတစ်ခုမှာ “အများအကျိုးစီးပွား” ပင်ဖြစ်သည်။ အထက်က ရည်ညွှန်းခဲ့သည့် သတင်းမီဒီယာ၏ အခန်းကဏ္ဍ တနည်းအားဖြင့် တာဝန် များမှာ သတင်းမီဒီယာသမားများအနေဖြင့် အစဉ်ထမ်းဆောင် နေကြရပေသည်။

ယခုပြောချင်သည့်အရာမှာ လတ်တလော သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခါ သတင်းမီဒီယာ၏ အခန်းကဏ္ဍက ဘယ်၍ ဘယ်မျှ အရေးပါသလဲဆိုသည့် အချက်ပင် ဖြစ်သည်။ သတင်းမီဒီယာ သည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ချေ ရှိလျင် ယင်းအန္တ ရာယ်ကို ယင်းဒေသ နေထိုင်သူများသတိပြုထား၊ သတိပြုနိုင်အောင် ဖြန့်ဝေပေးဖို့၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း မည်သည့်ဒေသများတွင် အန္တရာယ်ကျရောက်နေ ကြောင်း အကူအညီမည်သို့ ရယူနိုင်ကြောင်းစသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ အစိုးရအား ကယ်ဆယ်ရေး၊ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ တိုက်တွန်းခြင်း၊ ကယ်ဆယ် ကူညီရေးများထိရောက်မှု ရှိမရှိ စောင့်ကြည့်ရေးသားခြင်းများ ၊ ထို့ထက်ပို၍ ဆိုရလျင် နောက် နောင် ဘေးအန္တရာယ် ကျရောက်နိုင်မှုများအတွက် အစိုးရ၏ အစီအမံများ စသည်တို့ပင်ဖြစ်သည်။

ယခင်လနှောင်းပိုင်းကတည်းက ရွာသွန်းသည့် မိုးများကြောင့် စစ်ကိုင်းတိုင်း ဒေသအ ချို့တွင် စတင်ပြီးရေကြီးစဉ်ကတည်းက သတင်းမီဒီယာများက ယင်းဖြစ်ရပ် ဖြစ်စဉ်နှင့် ပတ် သက်ပြီး ဆက်တိုက်ဆို သလို ဖေါ်ပြခဲ့ကြသည်။ သို့ရာတွင် ဖေါ်ပြမှုများမှာ ဟိုတကွက် သည် တကွက် ဖေါ်ပြမှုမျိုး ဖြစ်နေသည့် အခြေအနေမျိုးဖြစ်နေသည့် သဘော သုံးသပ်ရပေသည်။ အစိုးရအနေဖြင့် အစောပိုင်းတွင် တုံ့ပြန်မှု အတော်နှေးကွေးခဲ့သည်ကိုလည်း သတိပြုမိသည်။ ယင်းအခြေအနေတွင် သတင်းမီဒီယာက ယင်းဒေသတွင် နေထိုင်သူများအနေဖြင့် မည်သို့မည် ပုံ ရေဘေးအန္တရာယ် ကြုံနေရသည်ကို ပြည့်ပြည့် စုံစုံ ဖေါ်ပြနိုင်မှု အားနည်းခဲ့သည်ဟုပင် သုံး သပ်လိုပါသည်။ တခါတရံ ဆိုရှယ်မီဒီယာ၏ နောက်ပင် လိုက်နေရသည့် အခြေအနေရှိသည်။ ဆိုရှယ်မီဒီယာမှ ဖေါ်ပြမှု တချို့က အမြဲတမ်း သတင်းသမားများ ထက်ပင် မြန်ဆန် ပြည့်စုံနေ သည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။

သတင်းမီဒီယာများ အနေဖြင့် ယခုလိုအားနည်းခဲ့ရသည့် အကြောင်းအမျိုးမျိုး ရှိပေ လိမ့်မည်။ ငွေကြေး၊ ကျွမ်းကျင်မှု အစရှိသည့် ဖြည့်ဆည်းရန် လိုအပ်ချက်များရှိနေပေလိမ့်မည်။ အခင်းဖြစ်ပွားရာဒေသများ သို့သွားရောက်နိုင်ရန် သတင်းမီဒီယာ တိုက်များတွင်လည်း လုံ လောက်သည့် အသုံးစရိတ်ရှိဖို့ လိုအပ်သည်မှာအမှန်ပင်။ သို့ရာတွင် သတင်းပညာ ကျွမ်းကျင် မှုကို အသုံးချလျက်ဖြစ်ပွား သည့်ဒေသများဖြင့် အဆက်အသွယ် ပြုလုပ်ခြင်း၊ စိတ်ကူး စိတ်သန်း ကောင်းကောင်းဖြင့် တင်ပြခြင်းအစိုးရနှင့် ကူညီရေး အဖွဲ့အစည်းများအား သတင်း အချက်အလက်များ ၊ ဝေဖန်ထောက်ပြ အကြံပြုချက်များပေးနိုင်သည် တို့ကိုလည်း သတိပြု မိကြဖို့ လိုကြောင်း ဤနေရာမှနေ၍ ထောက်ပြလိုခြင်းဖြစ်သည်။

သတင်းမီဒီယာအားကောင်းမှသာ ဗဟိုအစိုးရ၊ ဒေသန္တရအစိုးရမှ အစပြု၍ ကူညီကယ် ဆယ်ရေး အဖွဲ့အစည်းများ၊ အေဂျင်စီများ၏ ထိရောက်မှုပိုရှိလာအောင် တိုက်တွန်း နိုင်မည်ဖြစ် သည်။ အချုပ်ဆိုရလျင် သတင်းမီဒီယာတနည်း စတုထ္ထမဏ္ဍိုင်တွင် တာဝန်ထမ်းဆောင် နေ ကြသူများသည်လည်း ဘေးဒုက္ခကြုံနေရသည့် ဒေသများတွင် ကိုယ်ထိလက်ရောက် ပါဝင်လုပ် ကိုင်နေသူ၊ စေတနာဖြင့် ပစ္စည်း၊ငွေကြေး လှူဒါန်းသူများကဲ့သို့ပင် ဒုက္ခရောက်နေသူများ အ ကျိုးအတွက် ကျရာနေရာမှနေ၍ ဆောင်ရွက်နေသူများပင် ဖြစ်ကြောင်းကိုလည်း မဇ္ဈိမအနေ ဖြင့် ယုံကြည်ကြောင်း ဤနေရာမှ ရေးသားလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags