မြောက်ကိုရီးယား ဒုံးကျည်အင်ဂျင်က ရုရှအတွက် ယူကရိန်းစက်ရုံတွင် ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ဟု ဆို

မြောက်ကိုရီးယား ဒုံးကျည်အင်ဂျင်က ရုရှအတွက် ယူကရိန်းစက်ရုံတွင် ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ဟု ဆို

ကိဗ်၊ သြဂုတ် ၁၆ ။                  ။ မြောက်ကိုရီးယား ဒုံးကျည်များတွင် အသုံးပြုသော ဒုံးအင်ဂျင်များသည် ယူကရိန်းစက်ရုံတစ်ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရုရှအတွက် အာကာသဒုံးပျံများတွင် အသုံးပြုရန်အတွက်သာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း အာကာသအေဂျင်စီက သြဂုတ် ၁၅ ရက်တွင် ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဆိုဗီယက်ယူနီယံဟောင်းရှိ စက်ရုံတစ်ရုံက ထုတ်လုပ်ထားသော ဒုံးကျည်အင်ဂျင်များကို မွမ်းမံပြင်ဆင်ပြီး အသုံးပြုနိုင်ခဲ့ဟန် ရှိခြင်းကြောင့် မကြာသေးမီက တာဝေးပစ်ဒုံးကျည် စီမံကိန်း ရုတ်ခြည်း တိုးတက်လာခဲ့ပုံရကြောင်း သြဂုတ် ၁၄ ရက်တွင် ပညာရှင်အုပ်စုတစ်စုက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယူကရိန်းက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းနှင့် လက်ရှိ ယူကရိန်းအရေးအခင်းကြား ရုရှ သို့မဟုတ် ယူကရိန်း လက်နက်သိုက်များမှ အကျင့်ပျက်ဝန်ထမ်းများထံမှ ဒုံးအင်ဂျင်ကို ဝယ်ယူရရှိသွားခြင်းဖြစ်နိုင်ပြီး ရာဇဝတ်ဂိုဏ်းကွန်ရက်များဖြင့် မြောက်ကိုရီးယားသို့ မှောင်ခိုသွင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအင်စတီကျူက ထုတ်ပြန်သည်။

“မြောက်ကိုရီးယား သုံးနေတဲ့ အင်ဂျင်တွေဟာ ယူကရိန်း Yuzhmash စက်ရုံမှာ ၂၀၀၁ ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့တာတွေပါ။”ဟု ယူကရိန်း အာကာသအေဂျင်စီ ယာယီအကြီးအကဲ ယူရိုင်းရတ်ချန်ကိုက သတင်းထောက်များအား ပြောသည်။ 

Cyclone – 2 နှင့် Cyclone – 3 အာကာသဒုံးပျံများအတွက် RD – 250 အင်ဂျင်များကို ရုရှအတွက် ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

အင်ဂျင်နှင့် ဒုံးပျံ နှစ်မျိုးစလုံးကို ရုရှအတွက် Yuzhmash စက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရတ်ချန်ကိုက ပြောခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံ စုစုပေါင်း ၂၃၃ စီးအား ထုတ်လုပ်ခဲ့ပြီး အာကာသလွှတ်တင်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

“လက်ရှိ ရုရှမှာ Cyclone ဒုံးပျံတွေ ရ စင်းကနေ အစင်း ၂၀ အထိ ရှိထားတယ်။ အင်ဂျင်နဲ့ ပုံစံတည်ဆောက်မှုတွေ ဘာမဆို ရုရှက လုပ်နိုင်တယ်။”ဟု ၄င်းက ပြောကြောင်း ယူကရိန်း သတင်းများက ဖော်ပြသည်။

“ရုရှက ဒုံးအင်ဂျင်တွေ ရထားတယ်။ ပုံစံတည်ဆောက်မှု စာရွက်စာတမ်းတွေ ရထားတယ်။ ဒုံးပျံ ပစ်လွှတ်ပြီးတဲ့ အင်ဂျင်တွေကို သူတို့လိုလားတဲ့ ဘယ်သူကိုမဆို ပေးလိုက်နိုင်တယ်။”ဟု ရတ်ချန်ကိုက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags