(၁၈)လအတွင်း ပထမဦးဆုံး အဓိကပြိုင်ပွဲအဖြစ် ယူအက်စ်အိုပင်းပြိုင်ပွဲမှာ ရှာရာပိုဗာ ကစားမည်

(၁၈)လအတွင်း ပထမဦးဆုံး အဓိကပြိုင်ပွဲအဖြစ် ယူအက်စ်အိုပင်းပြိုင်ပွဲမှာ ရှာရာပိုဗာ ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို ယူအက်စ်အိုပင်းပြိုင်ပွဲမှာ wild card ရ ကစားသမားအ​နေဖြင်​့ ယှဉ်​ပြိုင်​ခွင်​့ ရရှိမှာဖြစ်ကြောင်း အမေရိကန်တင်းနစ်အဖွဲ့အစည်း (USTA) က အင်္ဂါနေမှာ ပြောကြားခဲ့ပါတယ်။

"နယူးယောက်ကို သူမ နောက်ဆုံးပြန်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ သူမဟာ round ၁၆ ရှုံးထွက်အဆင့်မှာ ကယ်ရိုလိုင်း ဝစ်ဇ်နီရာကီကို ရှုံးနိမ့်ခဲ့ပါတယ်။"လို့ USTA ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အသက် ၃၀ အရွယ်ရှိ ရှာရာပိုဗာဟာ ၂၀၁၆ သြစတြေးလျအိုပင်း ကွာတာဖိုင်နယ်မှာ အမေရိကန်မှ ဆရီနာ ဝီလျံစ်ကို ရှုံးခဲ့ပြီးနောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဂရင်းစလင်းချန်ပီယံဆုကို ငါးကြိမ်အထိ ရရှိခဲ့ဖူးတဲ့  ရှာရာပိုဗာဟာ Meldonium လို့ခေါ်တဲ့ တားမြစ်ဆေး သုံးစွဲမှု ပြဿနာကြောင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ (၂)နှစ် ပွဲပယ်ပြစ်ဒဏ်အဖြစ် ကနဦးပိုင်းက ချမှတ်ခံထားပေမယ့် ကစားသမားရဲ့ ပြစ်ဒဏ်အား နိုင်ငံတကာ အားကစားခုံရုံး Court of Arbitration for Sport (CAS) မှ (၁၅) လထိ လျော့ချပေးခဲ့ပါတယ်။

ရှာရာပိုဗာဟာ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ တားမြစ်ထားတဲ့ Meldonium ဆေးဝါးများ သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရုရှားတင်းနစ်မယ်ဟာ ဧပြီလက စတုဂတ်အိုဝင်းမှာ ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ဖို့ ပြန်လာခဲ့ပါတယ်။

၂၀၀၆ ယူအက်စ်အိုပင်း ချန်ပီယံဟာ ပြင်သစ်အိုပင်းကို wild card ရ ကစားသမားအ​နေဖြင်​့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ငြင်းပယ်ခံရပြီး  ဝယ်လ်ဘာတန် လက်ရည်စစ်ပွဲအောင်မြင်ခဲ့ပေမယ့်မှ ဒဏ်ရာကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ပါတယ်။

ယူအက်စ်အိုပင်းတင်းနစ်ပြိုင်ပွဲကို သြဂုတ်လ ၂၈ ရက်မှာ စတင်မှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags