ထရမ့်တာဝါရှေ့ သမ္မတထရမ့် လာရောက်ချိန်ကို စောင့်နေကာ လူရာပေါင်းများစွာ ဆန္ဒပြ

ထရမ့်တာဝါရှေ့ သမ္မတထရမ့် လာရောက်ချိန်ကို စောင့်နေကာ လူရာပေါင်းများစွာ ဆန္ဒပြ

နယူးယောက်၊ သြဂုတ် ၁၅ ။             ။ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီးချိန်မှစကာ သမ္မတ ထရမ့်က ပထမဆုံး အကြိမ်အဖြစ် ၎င်းနေထိုင်ခဲ့ရာ ထရမ့်တာဝါသို့ သြဂုတ် ၁၄ ရက် ညပိုင်းတွင် လာရောက်မည်ဖြစ်၍ စောင့်ကြိုနေကြကာ ပြည်သူရာပေါင်းများစွာက ဆန္ဒပြကြသည်။

လုံခြံုရေး ထူထူထပ်ထပ် ချထားသည့်ကြား ဆန္ဒပြသူများက "လူသားချင်းစာနာပါ။ ဖက်ဆစ်အမေရိကား လက်မခံ"၊ "ထရမ့်နဲ့ ပန့် အစိုးရ အလိုမရှိ"၊ "ငါတို့ရဲ့ သမ္မတမဟုတ်"၊ "စစ်ပွဲ အလိုမရှိ" စသည့် စာတမ်းများ ကိုင်ဆောင်ထားကြသည်။

အိမ်ဖြူတော်သို့ ရောက်ရှိနေထိုင်ခြင်း မရှိမီ ထရမ့် နေထိုင်ခဲ့ရာ ထရမ့်တာဝါ ပတ်လည်ကို ဆန္ဒပြသူများက ဝိုင်းရံရောက်ရှိနေခြင်း ဖြစ်သည်။

တာဝါကို လက်နက်ပြည့်ဖြင့် လုံခြံုရေး ယူထားသော ရဲများက အတားအဆီးများ ပိတ်ဆို့ချထားသည်။

ညရောက်လောက်မှ သမ္မတက လာရောက်ဖို့ရန် ရှိခြင်း ဖြစ်သော်လည်း ဆန္ဒပြသူများက နာရီများစွာ ကြိုတင်ရောက်ရှိ စုရုံးနေကြခြင်း ဖြစ်သည်။

လုံခြံုရေးလုပ်ငန်းစဉ်များအဖြစ် တာဝါဝန်းကျင်က လမ်းများကို ပိတ်ထားရာ ဝန်းကျင်တစ်ဝိုက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည်။

ထရမ့် လက်ထက်တွင် လူမျိုးရေးဝါဒများ ဖြစ်ပွားပေါ်ပေါက်ရာ ဗာဂျင်းနီးယားပြည်နယ်တွင် လူမျိုးရေးဆူပူမှုများ ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာရသည်။

နယူးယောက်သို့ ထရမ့် ရောက်ရှိပြီး သြဂုတ် ၁၅ ရက်တွင် အစည်းအဝေးများ ကျင်းပသည့်အခါ ဆန္ဒပြမှုများ ပို၍ဖြစ်ပွားလာနိုင်ခြေ ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly