ရောင်းလက်များလာမည့် စိုးရိမ်မှုများကြောင့် ရေနံစျေးနှုန်း ဆက်လက်ကျဆင်း

ရောင်းလက်များလာမည့် စိုးရိမ်မှုများကြောင့် ရေနံစျေးနှုန်း ဆက်လက်ကျဆင်း

ဟောင်ကောင်၊ သြဂုတ်-၁၀ ။         ။ အမေရိကန်၏ အစီရင်ခံစာက ကမ္ဘာနှင့်အဝန်း ရေနံတင်ပို့သူများ အလျှံအပယ်ဖြစ်လာလိမ့်မည်ဟူသည့် မျှော်လင့်ချက်များကို မီးထိုးပေးသလို ဖြစ်ခဲ့သောကြောင့် သြဂုတ်လ ၁၀ရက် (တနင်္လာနေ့)က အာရှဈေးကွက်တွင်လည်း ရေနံဈေးနှုန်းမှာ ကျဆင်းသွားခဲ့၍ ရက်သတ္တပတ်ပေါင်းများစွာ အကျတာရှည်နေခဲ့သည်။

သောကြာနေ့က နယူးယောက်ဈေးကွက်တွင် ရေနံစိမ်းမှာ တစ်စည် ၄၃.၈၇ဒေါ်လာမှ ၄၃.၅၇ဒေါ်လာသို့ ကျဆင်းသွားခဲ့သောကြောင့် မတ်လ ၁၇ရက်နောက်ပိုင်းတွင် အနိမ့်ဆုံးအထိကျဆင်း သွားခဲ့ခြင်း ပင်ဖြစ်သည်။

''အခုကတော့ ရောင်းလက်ပုံပြင်တွေပါပဲ။ ဈေးတက်ဖို့အလားအလာ သိပ်မမြင်ပါဘူး''ဟု Ayers Alliance Sucurities မှ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် ဂျိုနသန် ဘားရတ်က Bloomberg News သို့ပြောကြား ခဲ့သည်။

အမေရိကန် ရေနံတူးစင်အရေအတွက်မှာ သုံးပတ်ဆက်တိုက် မြင့်တက်လာနေခဲ့သည်ဟူသော သတင်းများကြောင့်လည်း ကမ္ဘာနှင့်အဝန်းတွင် ရေနံတင်ပို့သူများ အလျှံအပယ်ဖြစ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေခဲ့သည်။

ကမ္ဘာ့ ရေနံသုံးစွဲမှုအများဆုံးနိုင်ငံတွင် ရေနံထုတ်လုပ်မှု တိုးမြင့်လာကြောင်း အမေရိကန်အစိုးရက အစီရင်ခံခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရေနံတူးစင်အရေအတွက်မှာ ၆၇၀ အထိရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ရေနံစိမ်း အလျှံအပယ်ထွက်ရှိလာမှုမှာ ရေနံဈေးနှုန်း သိသိသာသာကျဆင်းခြင်း၏ အဓိကတွန်းအားပင်ဖြစ်ပြီး၊ ယခုက ၂၀၁၄ခုနှစ် နှစ်လယ်က အမြင့်ဆုံးဈေးနှုန်း၏ သုံးပုံတစ်ပုံနီးပါးအထိ ကျဆင်းသွား ခဲ့ပြီဖြစ်သည်။

ရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ကြီး အိုက်ပက် (OPEC)က ရေနံအထွက်နှုန်းကို လျှော့ချရန် ငြင်းဆန်နေပြီး၊ ရင်းနှီးမြှုပ်နှံသူများက နျူကလီးယားသဘောတူညီချက်၏ အကျိုးဆက်အနေဖြင့် အီရန်ကရေနံ တင်ပို့မှုကို အလုံးအရင်းနှင့် မြှင့်တင်လိုက်မည်ကို စောင့်ဆိုင်းနေချိန်တွင် အမေရိကန်က ရေနံကို ပြည်ပသို့ တင်ပို့နိုင်သည့် အလားအလာများကြောင့် လည်းရေနံဈေးနှုန်းမှာလောလောဆယ် ကာလများ တွင်တော့ တက်ရိပ်ပြဖွယ်မမြင်သေးချေ။

''ဒုတိယနှစ်ဝက်ကာလတစ်ခုလုံးမှာ ရေနံဈေးနှုန်းတွေဟာ နာလံထူလာမယ်မဟုတ်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်''ဟု သြစတြေးလျ၏ ANZ ဘဏ်မှာ လူသုံးကုန်ပစ္စည်းသုတေသနမှူး မာ့ခ် ပါဗန်က Bloomberg သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly