ဒေါ်အောင်ဆန်းစုကြည်နှင့် ကဗျာ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကဗျာ

(က)

    ကျွန်တော်ငယ်စဉ်က စိတ်ကူးယဉ်မှုတစ်ခု ရှိခဲ့သည်။

မိမိနှစ်သက်လေးစားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး မိမိ၏ ခေတ်ပြိုင်ကာလတွင်ပင် ရှိလာခဲ့သည်ရှိသော် ထိုပုဂ္ဂိုလ်မှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်သည့်အပြင် ကဗျာဆရာသော် လည်း ကောင်း၊ သို့တည်းမဟုတ် ကဗျာအပေါ် အလေးအနက်ထားတတ်သူ သို့တည်းမဟုတ် ကဗျာကို စူးစူးနက်နက် ခံစားတတ်သူလည်း ဖြစ်မည်ဆိုလျင် မည်မျှကောင်းပါမည်နည်းဟု တမ်းတခဲ့ဖူးသည်။

ထိုစဉ်က ကျွန်တော်တို့သည် နိုင်ငံတကာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ၊ ပြည်တွင်း ဒီမိုကရေစီရေးကိစ္စများတွင် အာရုံကိုင်းညွှတ်နေသော အချိန်ကဖြစ်သည်။ မိမိတို့ လေးစားနှစ်သက်နေသည့် နိုင်ငံတကာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲခေါင်းဆောင်များအပေါ် အလေးအနက်ထား လေ့လာစေါင့်ကြည့် ကြည်ညိုနေတတ်သည့် အချိန်ဖြစ်သည်။ ထိုအထဲမှာမှ ကိုယ်တိုင်ကဗျာရေးသူလည်းဖြစ် ကဗျာအပေါ်ခံစားတတ်သူလည်းဖြစ်သည့် နိုင်ငံတကာ အမျိုးသားလွတ်မြောက်ရေးခေါင်းဆောင် တော်လှန်ရေးခေါင်းဆောင်များကို ပို၍ပို၍ အလေးအနက်ထား လေ့လာကြည်ညိုနေသော အချိန်လည်းဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ (၁၉၇၀ ခုနှစ်ဝန်းကျင်…)။

           ၁၉၉၂ ခုနှစ်ကဖြစ်မည်ထင်သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် အထက်မြန်မာပြည်မှအပြန် ကျွန်တော်တို့ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ခေတ္တခဏဝင်မည်ဟု သတင်းရသဖြင့် ထိုနေ့က ရွာမှ ကျွန်တော် အစောကြီးထွက်လာခဲ့သည်။

မြို့နယ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်။ တွေ့သည့်အခါ ဒေါ်အောင် ဆန်းစုကြည်အနေနှင့် ကဗျာရေးတတ်သလား သို့တည်းမဟုတ် ကဗျာအပေါ်  ခံစားတတ်ရဲ့ လားဆိုသည့် မေးခွန်းကို မေးမည်။

သည်သို့သော စိတ်ကူးနှင့်ပင် မြို့နယ်ရုံးကို ကျွန်တော်သွားသည်။ သို့သော် ကျွဲပွဲရုံးကိုရောက်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့က အုတ်တွင်းက မြို့နယ်ရုံးကိုပင် ၀င်ချိန်မရပဲ ခရီးဆက်လာနေပြီဟုသိရပြန်သည်။ ထို့ကြောင့် အုတ်တွင်းအထိ မသွားတော့ပဲ ကျွဲပွဲ NLD ရုံးမှပင် ကျွန်တော် စေါင့်သည်။

  ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို လူအုပ်နှင့်စောင့်ပြီးတားကြသည်။ စကားအနည်းငယ်ပဲဖြစ်ဖြစ်ပြောပေးဖို့ တောင်းဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျွဲပွဲ NLD ရုံးတွင် ဆယ်မိနစ်ခန့်စကားပြောသည်။ ကျွန်တော်ကပင် အခမ်းအနားမှူးသဘော ဆောင်ရွက်ပေးရသည်။ သို့သော် လာရောက်ကြည့်ရှုသူ မြို့လူထုကလည်းများ ဒေါ်အောင် ဆန်းစုကြည်        အနေနှင့်ကလည်း အချိန်လုပြီး နှုတ်ဆက်စကားပြောရုံသာပြောကာ ချက်ချင်း ခရီးဆက်ရ သဖြင့် ကျွန်တော်သိချင်နေသည့်ကိစ္စကို အခြေအနေနှင့် မဟပ်မိသည့်အတွက် ထုတ်ဖေါ်မေးမြန်းခြင်း မပြုခဲ့ရ။

   ထိုနှစ်ထဲမှာပင်ဖြစ်မည်။ ကျွန်တော့်ထံ လက်ကမ်းစာစောင်လေးတစ်ခု ရောက်လာခဲ့ဖူးသည်။ ယင်းစာစောင်လေးတွင် နယ်သို့ဆင်းပြီး စည်းရုံးရေးလုပ်ကြမည့် NLD ဗဟိုလူငယ်များအား အမှာစကားပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်များ ပါသည်။ ထိုအထဲက ကျွန်တော့စိတ်ကို အဆွဲဆောင်နိုင်ဆုံး ကောက်နှုတ်ချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှကဗျာဆရာ ရုဒီယက် ကစ်ပလင်း၏ ̏ If ˝ ကဗျာကို အဓိပ္ပါယ်ရှင်းလင်းပြောပြပြီးမှ အမှာစကားပြောခဲ့သည်ဟူသည့် ကောက်နှုတ်ချက်ပင်ဖြစ်သည်။

  ထို့ပြင် ကျွန်တော်တို့ ကျွဲပွဲ NLD ရုံးကို ဆရာဦးကိုယု(ကွယ်လွန်)တို့အဖွဲ့ ညအိပ်စည်းရုံးရေး လာသွားခဲ့ဖူးသည်။ ည အိပ်ရာဝင်ကာနီးတွင် ကျွန်တော်က ဦးကိုယု(မောင်ကိုယု)ကို အနားကပ်ပြီး ̏ဒေါ်အောင်ဆန်းစုကြည်က ကဗျာတွေဘာတွေ ခံစားတတ်တယ်လို့ ဆရာထင်သလား˝ လို့ မေးဖူးသည်။ ဆရာ ဦးကိုယုက ခေတ္တခဏတော့ အံ့အားသင့်ကာ ငြိမ်သွားပြီးမှ ̏ဟာ ခံစားတတ်တယ်ဗျ ခင်ဗျားမေးတာ ကျွန်တော်နားလည်ပါတယ် စိတ်မပူနဲ့ဗျ ဒေါ်အောင်ဆန်းစုကြည်က ကဗျာကိုကောင်းကောင်းခံစားတတ်တယ်လို့ ကျွန်တော်ထင်ပါတယ်˝ ဆိုပြီး ပြန်လည်ဖြေကြားခဲ့၏။                 

 ဦးကိုယုသည် မိမိအပေါ် မိမိမေးလိုက်သည့် မေးခွန်းအပေါ် နားလည်နိုင် မည့်သူဖြစ်သည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုမေးခွန်းကို ကျွန်တော် မေးခဲ့ခြင်းဖြစ် သည်။  ထိုစဉ်ကမူ ကြားရသည့်သတင်းများ ဖတ်ရသည့် အချက်အလက်များအရ ကျွန်တော်သိချင်နေသည့် မေးခွန်း၏အဖြေကို  ရဲရဲတင်းတင်းတော့ ကောက်ချက်မချနိုင်သး။ သည်လိုနှင့် နှစ်နှစ်ဆယ်ကျော်မျှ ခြားသွားခဲ့သည်။

၂၀၁၁ ခု၊ နိုဝင်ဘာလထဲတွင်မူ ရနံ့သစ်မဂ္ဂဇင်းတွင်ပါရှိသည့် မင်းထင်ကိုကိုကြီးရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ ထိုဆောင်းပါးထဲတွင် မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ကဗျာတစ်ပုဒ်ရေးပေးဖို့တောင်းဆိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကဗျာဟူသည်မှာ အစချီသော ကဗျာဆိုလည်းဟုတ် ကဗျာနှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်လည်းဟုတ်သည့် ကဗျာဆန်သော စာတစ်ပိုဒ် ရေးပေးလိုက်သည်ကို ကျွန်တော် ဖတ်ရသည်။ ကျွန်တော် အကြီးအကျယ် စိတ်လှုပ်ရှားသွားရသည်။ နှစ်ပေါင်းများစွာ ခိုအောင်း နေခဲ့ရသည့် ကျွန်တော်သိချင်နေသည့် အဖြေ၏ အရိပ်အယောင်များကို မမျှော်လင့်ပဲ  မြင်လိုက်ရသလိုလည်း ဖြစ်လာခဲ့သည်။

ဒေါ်ဆောင်ဆန်းစုကြည်သည် ကဗျာကို စူးစူးနက်နက် ထိတွေ့နိုင်စွမ်းရှိပါရဲ့လား။ ဦးကိုယုပြောစကားအရ ကဗျာကို ချစ်ခင်မြတ်နိုးတဲ့စိတ် ရှိတယ်ဆိုတာကော သေချာရဲ့လား။ သူ ရေးခဲ့သမျှ ဆောင်းပါးတွေ ပြောခဲ့သမျှစကားတွေထဲကတဆင့် ကျွန်တော်သိချင်သည့်အချက်ကို ခြေရာခံလိုုက်ဖို့့ဆိုတာကလည်း ကျွန်တော့်အဖို့ အခက်အခဲတွေက ရှိနေ၏။ နှစ်ပေါင်း ဆယ်စုနှစ် နှစ်ခုကျော်သည့်တိုင်၊ မင်းထင်ကိုကိုကြီးအတွက် ရေးပေးလိုက်သည့် ကဗျာလေးကို ဖတ်ရသည့်တိုင်၊ ဦးကိုယု၏ အဖြေစကားကို ကြားရသည့်တိုင် ကျွန်တော်သိချင်သည့် ယင်းမေးခွန်းများ၏ အဖြေမှာ ကျွန်တော့်အတွက် ရှင်းလင်းတိကျစွာ အဖြေမရနိုင်ခဲ့သေးပါ။

  မင်းထင်ကိုကိုကြီး၏ဆောင်းပါးဖတ်ရှုရသည့် ထိုရက်များအတွင်းတုန်းကဆိုလျင် ကျွန်တော့်မှာ မိတ်ဆွေများနှင့် စကားမဆုံ ဆုံအောင်ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်သည် ကဗျာကို ခံစားတတ်သည့်ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စိတ်လှုပ်ရှားစွာ လိုက်လံဖွင့်ဟ ပြောပြနေခဲ့မိသည်။

 (ခ)

၂၀၁၂ ခု၊ နိုုုုဝင်ဘာလထဲတွင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားခဲ့သည်။

အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး ̏ဂျဝါဟလာ နေရူး˝ ဆု လက်ခံရယူရန်ဖြစ်သည်။ ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြောသည်။ ထိုမိန့်ခွန်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်က ကဗျာနှင့်ပတ်သက်သောစကားတချို့ ထည့်ပြောသွားခဲ့သည်။ ကျွန်တော့်မှာ ထိုမိန့်ခွန်းကို အကြိမ်ကြိမ် ပြန်ဖတ်နေမိပြန်သည်။

အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီး နေရူးသည် ကဗျာကို ချစ်မက်သူဖြစ်သည်။ ကွယ်လွန်ချိန် သူ့ရဲ့ခေါင်းအုံးအောက်မှာ ̏ရောဘတ် ဖရော့စ်˝ ရဲ့ လက်ရွေးစင်ကဗျာစာအုပ် တွေ့ရသည်ဟု ဆိုသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ကြီးနေရူးနဲ့သူ ကဗျာတစ်ပုဒ်အပေါ် အကြိုက်ချင်းတူသည်ကို သူ့မိန့်ခွန်းထဲတွင် တကူးတက ထည့်ပြောသွားခဲ့သည်။ သူတို့နှစ်ဦး အကြိုက်ချင်းတူသည့် ကဗျာမှာ ဗြိတိသျှကဗျာဆရာကျော် ̏ယိစ််˝ ရဲ့ ̏သေမင်းကို ကြိုမြင်တဲ့ အိုင်းရစ် လေသူရဲ˝ ကဗျာဖြစ်သည်ဟု ဆိုပါသည်။

 အန္ဒိယခေါင်းဆောင်ကြီးနေရူးနှင့်သူ အကြိုက်ချင်းတူကြသည့်တိုင် ယင်းကဗျာထဲတွင် ပါရှိသည့် ပါဒ တစ်ခုအပေါ် နေရူးနှင့်သူ အမြင်ချင်းမတူသည့်အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသေးစိပ် ပြောသည်။

အမြင်ချင်းမတူရသည်မှာ နေရူးဖတ်ရသည့် မူရင်းအင်္ဂလိပ်လို ကဗျာထဲက ယင်းပါဒတွင် ပါရှိသည့် ၀ဏ္ဍတစ်လုံး Lovely အပေါ်မူတည်ကာ   သူနှင့် အမြင်ချင်းမတူသည့်အကြောင်း၊ သူဖတ်ရသည့် မူရင်းထဲတွင်မူ ယင်း Lovely စာလုံးနေရာတွင် Lovely မဟုတ်ပဲ Lonely အနေနှင့် သူ ဖတ်ရသည့်အကြောင်း၊ သူ့အနေနှင့် Lovely အစား၊ Lonely ကို ပိုပြီး သင့်လျှော်မယ်လို့ သူယူဆတဲ့အကြောင်း ထည့်ပြောခဲ့သည်။   

 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကိုဖတ်နေစဉ်၊ ထိုစာပိုဒ်များသို့ရောက်လာသောအခါ ကျွန်တော့်စိတ်များမှာ အပြင်းအထန် လှုပ်ရှားနေခဲ့သည်။ စာပိုဒ်များ ဆုံးသောအခါ နှစ်ပေါင်းများစွာ မတင်မကျဖြစ်နေခဲ့သည့် ကျွန်တော့် မျှော်လင့်ချက်မှာ ချက်ချင်းဆိုသလို ရှင်းလင်းပြတ် သားလာနေသည်ဟု ယူဆမိသည်။

 ထိုအချိန်မှာပင် ကျွန်တော့်အတွေးထဲ၌ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သည့် ကဗျာ သို့မဟုတ် ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်ကို သွားပြီး တွေးမိသည်။ ဒေါ်အောင်ဆန်းစုကြည်က မင်းထင်ကိုကိုကြီးအား ရေးပေးခဲ့သည့် ကဗျာလေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကဗျာဆိုတာ…

လူ့ စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊

လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ၊

လူ့ စိတ်ဓါတ်ရဲ့ မြည်ဟီးသံ၊

လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ၊

ကဗျာဆိုတာ…

ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။

တကယ့်ကို လုံလောက်သွားပါသည်။

  ကျွန်တော်လေးစားသော၊ ကျွန်တော်လေးနက်သော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကဗျာကို နားလည်သည်။ ကဗျာကို ချစ်သည်။ ကဗျာကို စူးစူးနက်နက် ခံစားတတ်သည်။ ယင်းအဖြေမှန်အပေါ် ကျွန်တော့်မှာ စိုးစဉ်းမျှ သံသယမရှိတော့။

          ဒေါ်အောင်ဆန်းစုကြည်နှင့် ကဗျာ…။

 ကျွန်တော့်အဖို့တော့ လုံလောက်သွားခဲ့သည်။ ကျေနပ်ကြည်နူးလို့ဖြင့် မဆုံးတော့ပါချေ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly