ထရမ့်၏ခြိမ်းခြောက်ပြောဆိုမှုကြောင့် စစ်ရေးလေ့ကျင့်မှုလုပ်ရန် ဗင်နီဇွဲလားစစ်တပ်ကို မာဒူယိုအမိန့်ပေး

ထရမ့်၏ခြိမ်းခြောက်ပြောဆိုမှုကြောင့် စစ်ရေးလေ့ကျင့်မှုလုပ်ရန် ဗင်နီဇွဲလားစစ်တပ်ကို မာဒူယိုအမိန့်ပေး

ကာရာကတ်စ်၊ ဗင်နီဇွဲလား သြဂုတ် ၁၅ ။             ။ အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်သွားမည်ဟု သမ္မတဒေါ်နယ် ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့အပြီးတွင် ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူယိုက သူ၏လက်နက်ကိုင် စစ်တပ်များကို လာမည့်အပတ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကြရန် တနင်္လာနေ့က အမိန့်ပေးခဲ့သည်။

“ဘက်ပေါင်းစုံမှဖွဲ့စည်းထားတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ လက်နက်ကိုင်ကာကွယ်ရေးတပ်ကို နိုင်ငံတော်အဆင့် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ကို ပြင်ဆင်စရာ ရှိတာတွေကို စတင်ပြင်ဆင်ဖို့ ကျနော်အမိန့်ပေးလိုက်ပါပြီ” ဟု မာဒူယိုက ကာရာကတ်စ်မြို့၌ ထောင်နှင့်ချီသော သူ၏ထောက်ခံသူများအား ပြောကြားခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို လာမည့်သြဂုတ်လ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူဖို့ပြင်ဆင်နေပြီး လိုအပ်လာပါက စစ်ရေးအရပါ အရေးယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော သောကြာနေ့က မာဒူယိုအစိုးရ အဖွဲ့အား ခြိမ်းခြောက် ပြောဆိုခဲ့သည်။

မာဒူယိုအစိုးရအဖွဲ့ကလည်း ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံမှ ထိန်းသိမ်းထားသော ရေနံလုပ်ငန်းကို ထိန်းချုပ်ချင် ၍သာ ယခုလိုမျိုး ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။

အမေရိကန်တို့ဘက်မှ မာဒူယိုအား အာဏာရှင်ဟု ခေါ်ဝေါ်သမုတ်ထားသလို ဗင်နီဇွဲလားနိုင်ငံအတွင်း၌ လက်ရှိ ဖြစ်ပွားနေသော အဖြစ်အပျက်များကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်က ယခုလို ခြိမ်းခြောက်ပြောဆိုခြင်း ဖြစ်သည်။

သို့သော်လည်း ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူဖို့အတွက် တပ်ဖွဲ့များကို အဆင်သင့်ပြင်ဆင်ထားရန် ထရမ့်က အမိန့်ပေးထားခြင်း မရှိသေးကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှ တနင်္လာနေ့က ပြောခဲ့သည်။

ဒါ့အပြင် ကာရာကတ်စ်အပေါ် ပူးပေါင်းအရေးယူမှုများ ပြုလုပ်ရန်အတွက် လက်တင်အမေရိက မဟာမိတ်နိုင်ငံ များသို့ လှည့်လည်သွားလာနေသည့် အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်စ်က သူ့အနေဖြင့် ငြိမ်းချမ်းသော ဖြေရှင်းမှု မျိုးကို ရှာတွေ့ရန်သာ မျှော်လင့်ထားကြောင်း ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly