ဆီရာလီယွန်၌ ရေကြီးမြေပြိုမှုကြောင့် ၃၁၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

ဆီရာလီယွန်၌ ရေကြီးမြေပြိုမှုကြောင့် ၃၁၂ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

နိုင်ရိုဘီ၊ သြဂုတ် ၁၅ ။               ။ အာဖရိကအနောက်ပိုင်းရှိ ဆီရာလီယွန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးလူပေါင်း ၃၁၂ဦးခန့် သေဆုံးခဲ့ကာ ၆၀၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီအဖွဲ့မှ တနင်္လာနေ့က ကြေညာခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သေဆုံးသူများထဲ၌ ကလေးငယ် ၃၀ ခန့် ပါ၀င်ကြောင်းနှင့် လက်ရှိအခြေအနေများသည် အလွန်စိုးရိမ်ရသည့် အနေအထားသို့  ရောက်ရှိနေကြောင်း   ပြောခဲ့ကြသည်။

ဂျနီဗာအခြေစိုက် ကြက်ခြေနီကော်မတီနှင့် လခြမ်းနီအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ လီယာဆယ်လ်ဝမ်က လူပေါင်း ၁၀၀၀ ကျော်ခန့်သည် ရေကြီးမြေပြိုမှုဒဏ်ကို ခံစားခဲ့ရကြောင်း ပြောခဲ့သည်။

သို့သော်လည်း ကြက်ခြေအနီအဖွဲ့အနေဖြင့် ဆီရာလီယွန်မှသတင်းများကို ရယူရာတွင် ဆက်သွယ်ရေးအခက် အခဲရှိနေသောကြောင့် ထိုအချက်အလက်စာရင်းသည် နောက်ပိုင်းတွင် ပိုမိုကြီးမားလာနိုင်ကြောင်း သူမက ပြောခဲ့သည်။

မြို့တော်ဖရီးတောင်းတောင်ပိုင်းရှိ ရီဂျန့်မြို့တွင် လူပေါင်း ၁၀၀ ကျော်ခန့်သည် တောင်ပြိုမှုကြောင့် သေဆုံးခဲ့ရ ကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များသည် ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ရွှံ့များဖုံးအုပ်နေသည့် နေအိမ်များ အတွင်း၌ ပိတ်မိနေသောလူများကို လိုက်လံကယ်ဆယ်လျက်ရှိသည်။

ဆီရာလီယွန်တိုင်းမ် သတင်းစာက ရီဂျန့်မြို့နှင့် ဖရီးတောင်းမြို့ကြား၌ လမ်းပန်းအဆက်အသွယ် ပြတ်တောက်မှု ကြောင့် သွားလာ၍မရကြောင်း သတင်းတင်ပြခဲ့သည်။

ဒါ့အပြင် ဖရီးတောင်းမြို့အနီးအနားရှိ ကစ်စီဘရွတ်နှင့် ဒေါဇက်ခ်ဖန်းခရိုင်တို့၌လည်း ရေကြီးမှုဒဏ်ကို ခံစားခဲ့ရ ပြီး ဘာဘာဒိုရီနှင့် ကာနီဂိုခရိုင်တို့ရှိ နေအိမ်ပေါင်း ၅၀၀ ကျော်ခန့် ပျက်စီးခဲ့ရကြောင်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly