တရုတ်၏ ကုန်သွယ်ရေး အမူအကျင့်များကို စုံစမ်းစစ်ဆေးရန် ထရမ့် အမိန့်ပေး

တရုတ်၏ ကုန်သွယ်ရေး အမူအကျင့်များကို စုံစမ်းစစ်ဆေးရန် ထရမ့် အမိန့်ပေး

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၁၅ ။           ။ မြောက်ကိုရီးယား အရေးကြောင့် ဆက်ဆံရေး တင်းမာနေသည့် အချိန်တွင် တရုတ်၏ ကုန်သွယ်ရေးအမူအကျင့်များအား စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်လိုက်ခြင်းဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွင် အသာစီးရယူသည်။

တရုတ်၏ ကုန်သွယ်ရေး ပေါ်လစီများက အမေရိကန် ရင်းနှီးမြုပ်နှံသူများနှင့် ကုမ္ပဏီများအပေါ် ထိခိုက်နစ်နာစေမှု ဖြစ်နေ မဖြစ်နေအား စုံစမ်းစစ်ဆေးရန် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာအား  တိုက်ရိုက်အမိန့်တစ်ရပ်ကို ထရမ့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အမေရိကန် ကုမ္ပဏီရဲ့ တန်ဖိုးကြီးတဲ့ နည်းပညာကို တရားမဲ့စွာ ရယူလိုတဲ့ ဘယ်လိုနိုင်ငံမျိုးကိုမဆို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားရမှာဖြစ်တယ်။ အမေရိကန်ရဲ့ အလုပ်အကိုင်တွေကို ဖျက်ဆီးနေတဲ့ အတုပြုလုပ်တာ၊ မူပိုင်ခွင့် ချိုးဖောက်တာမျိုးကို ကျွန်တော်တို့ တိုက်ဖျက်သွားမှာဖြစ်တယ်။”ဟု ထရမ့်က ဆိုသည်။

“မူပိုင်ခွင့်ရယ်၊ ကုန်အမှတ်တံဆိပ်ရယ်၊ ကုန်သွယ်ရေး လျှို့ဝှက်ချက်နဲ့ အခြား အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေရယ်ကို ကျွန်တော်တို့ ဘေးကင်းလုံခြံုစေရပါမယ်။ ကျွန်တော်တို့ရဲ့ လုံခြံုရေးနဲ့ ကျွန်တော်တို့ရဲ့ ဓနချမ်းသာအတွက် အလွန်ကို အရေးကြီးတာမို့ပါပဲ။ ဝါရှင်တန်အနေနဲ့ ရေရှည် မမြင်ယောင် ဆောင်နေတော့မှာ မဟုတ်ပါဘူး။”ဟု ၄င်းက ပြောသည်။

 အမေရိကန် လုပ်ငန်းများ၏ လျှို့ဝှက်ချက်များကို တရုတ်က ခိုးယူနေခြင်းအား အမေရိကန်က ရေရှည် သည်းခံတော့မည် မဟုတ်ကြောင်းလည်း ထရမ့်က ဆိုသည်။

“စုံစမ်းစစ်ဆေးသွားပြီး အမေရိကန် လုပ်ငန်းတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် လိုအပ်တယ်ဆိုရင် အရေးယူသွားမှာလည်း ဖြစ်ပါတယ်။”ဟု ၄င်းက ပြောသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်လာလျှင် အားလုံး ဆုံးရှုံးရမည်ဖြစ်ကြောင်း တရုတ်ဖက်က သတိပေးထားသည်။

“တရုတ်နဲ့ အမေရိကန်က စီးပွားရေး ဆက်ဆံမှုမှာ ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးအတွက် အတူတကွ လုပ်ဆောင်သွားသင့်တယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွင်ယင်းက ပြောသည်။

“ကုန်သွယ်ရေးစစ် တိုက်ခိုက်တယ်ဆိုတာဟာ အနာဂတ်မဲ့တာပါပဲ။ နိုင်သူရှိမှာ မဟုတ်ပါဘူး။”ဟု ၄င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags